ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ၊ KfW တို့အကြား TVET Reform Program Phase II ဆောင်ရွက်နိုင်ရေး ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်နှင့် သီးခြားသဘောတူညီချက် များအား လက်မှတ်ရေးထိုး


Date : 2 July, 2019

p1

GIFMaker.org_WFUx22
နေပြည်တော် ဇူလိုင် ၂
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြောင်းလဲရေး လုပ်ငန်းစဉ် အစီအစဉ် (၂) (TVET Reform Program Phase II) ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်် လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ German Development Bank (KfW) တို့အကြား လက်မှတ်ရေးထိုး ချုပ်ဆိုမည့် ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက် (Financing Agreement) နှင့် သီးခြားသဘောတူညီချက် (Separate Agreement) များ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက KfW ၏ အထောက်အပံ့ဖြင့် အစိုးရ စက်မှုလက်မှု သိပ္ပံ (အင်းစိန်၊ ရွှေပြည်သာ)၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (ရွာမ) တို့တွင်လည်း TVET Reform Program Phase I ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ (TVET Reform Program Phase II) အား စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန အောက်ရှိ သိပ္ပံ၊ ကျောင်း၊ သင်တန်းဌာနများတွင် အမှန်တကယ် လိုအပ်နေသည့် အဆင့်မြင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှု အစီအစဉ်ဖြစ်သည့်အတွက် TVET ကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ၍ လုပ်ငန်းခွင်၊ ဈေးကွက်နှင့် ကိုက်ညီသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Dr. Katharina Spiess (Head of Development Cooperation, KfW ) နှင့် Dr.Christine Heimburger (Director,East Asia and Pacific, KfW ) တို့က အမှာစကား ပြောကြားသည်။
ယင်းနောက် ယူရို (၁၀) သန်းခန့် ထောက်ပံ့မည့် သဘောတူညီချက်များအား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့် နှင့် Dr.Christine Heimburger (Director, East Asia and Pacific, KfW ) တို့က လက်မှတ်ရေးထိုးကြသည်။
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရ စက်မှုလက်မှု သိပ္ပံ (မန္တလေး)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး၊ တောင်ကြီး)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း) တို့တွင် သင်ကြားမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်နိုင်ရန်နှင့် အရည်အသွေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယူရို (၈) သန်းခန့် သက်ထောက်ကူပစ္စည်းများ၊ သင်ကြားရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို စနစ်တကျ ဖြည့်ဆည်းနိုင်မည့်အပြင် ယူရို (၂) သန်းခန့်ဖြင့် အဆိုပါဖြည့်ဆည်းမည့် သင်ထောက်ကူ ပစ္စည်းများနှင့် သက်ဆိုင်သော ဆရာ ဆရာမ အရည်အသွေးမြှင့်တင်မှု သင်တန်းများကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.