ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သင်ခန်းစာဆွေးနွေးပို့ချ


Date : 7 July, 2019

DSC_1698

GIFMaker.org_Dyw77k
ရန်ကုန် ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်(၁၀)နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သင်ခန်း စာဆွေးနွေးပို့ချသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ဆရာ ဆရာမများ အဓိက ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာရင်းတွင်ရှိသော်လည်း ကျောင်း၌မရှိသည့်ကိစ္စရပ်များ၊ ခွင့်မဲ့ကိစ္စရပ်များ၊ လူမှု ရေးရှုပ်ထွေးသည့် ကိစ္စရပ်များကို လုံးဝမဖြစ်ပေါ်လာစေရန် အရေးကြီး ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးကိစ္စ များကိုလည်း လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည့်အတိုင်း လက်ဆောင်ပစ္စည်းများပေးခြင်း၊ ယူခြင်းကိုလုံးဝမပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်နေခြင်းဖြစ်သည့်အတွက် ဆရာ ဆရာမများအနေဖြင့် စံပြပြုမူနေထိုင်ကြစေ လိုပါကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအနေဖြင့် အလယ်တန်းပြီး မြောက်ပြီး အထက်တန်းသို့ တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ဘာသာတွဲရွေးချယ်မှု မှန်ကန် စေရန် အကြံပြုလမ်းညွှန်သင့်ပါကြောင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပံ္ပဘာသာများတွင် ထူးချွန်ကြသည့် A အဆင့်ဖြင့်အောင်သော ကျောင်းသား ကျောင်းသူများသည် ဝါသနာပါရှိပါက မည်သည့် ဘာသာတွဲကိုမဆို သင်ယူသင့်ပြီး B၊ C အဆင့်နှင့် အောင်မြင်သူအနေဖြင့် ဘာသာတွဲ ရွေးချယ်မှုမှန်ကန်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် A ဖြင့် အောင်မြင်သည့် ကျောင်းသားကျောင်းသူများကို A+ အဆင့်ဖြင့် ပိုမို ထူးချွန်ထက်မြက်လာ အောင်၊ B အဆင့်ဖြင့် အောင်သည့် ကျောင်းသား ကျောင်းသူများကို A အဆင့်ရောက်လာအောင်နှင့် C အဆင့်ဖြင့်အောင်သည့် ကျောင်းသား ကျောင်းသူများကို B အဆင့်သို့ရောက်လာနိုင်ရေးအတွက် သင်ကြား ပို့ချပေးရန်လိုအပ်ပါကြောင်း။
ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအတွက် ပိုမိုအကျိုးရှိ စေရန် သင်ရိုးများကို အသစ်ပြင်ဆင်ရေးဆွဲထားပြီး စီမံဘဏ္ဍာဘာသာရပ်၊ သင်ကြားရေးဘာသာရပ်နှင့် ကြီးကြပ်အကဲဖြတ် ဘာသာရပ်များကို အဓိကထား ဆွေးနွေးပို့ချသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ခန်းစာပို့ချခြင်း၊ ဆွေးနွေးခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းများဖြင့် သင်တန်း ကာလအတွင်း သင်တန်း နည်းပြများမှ ဆွေးနွေးခြင်းကို နားထောင်ရုံသက်သက်မဟုတ်ဘဲ သင်တန်းသားများမှ မိမိတို့ကိုယ်တိုင် ပါဝင်ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် ဆရာကြီး ဆရာမကြီးများအနေဖြင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာခြင်းအားဖြင့် သင်တန်းမှသင်ကြားလိုက်သည့် သင်ခန်းစာများနှင့် မိမိတို့၏အတွေ့အကြုံ ကောင်းများကို ပေါင်းစပ်၍ မိမိတို့ကျောင်းများကို ပိုမိုတိုးတက်စေရန် စီမံခန့်ခွဲနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “Survey of Improvements and Challenges in Basic Education”ခေါင်းစဉ်ဖြင့် ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချရာတွင် JICA(CREATE) အဖွဲ့က ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-2 ကျောင်းသုံးဖတ်စာအုပ် (သင်္ချာ)အဟောင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 ကျောင်းသုံးဖတ်စာအုပ် (သင်္ချာ)အသစ်တို့ကို လေ့လာဆန်းစစ်ရာတွင် ကျောင်းသား ကျောင်းသူများသည် သင်္ချာကျောင်းသုံးဖတ်စာအုပ် အသစ်ကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး မေးခွန်းစစ်မေးရာတွင် ရမှတ် ပိုမိုကောင်းမွန်ကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများကို ပိုမိုဖြေဆိုနိုင်ကြောင်း၊ သင်္ချာဖတ်စာအုပ် အသစ်ကိုကြိုက်သည့် ကျောင်းသား ကျောင်းသူများက သင်္ချာဖတ် စာအုပ်အဟောင်းကိုကြိုက်သည့် ကျောင်းသား ကျောင်းသူများထက် ရမှတ်ပိုမိုများပြားကြောင်း၊ သင်္ချာဖတ် စာအုပ်အသစ်ကို စာသင်ချိန်တွင် အသုံးမပြုသည့် ကျောင်းသား ကျောင်းသူ ၃ ရာခိုင်နှုန်းရှိ၍ သင်္ချာ ဖတ်စာအုပ်အဟောင်းကို စာသင်ချိန်တွင် အသုံးမပြုသည့်ကျောင်းသား ကျောင်းသူ ၈ ရာခိုင်နှုန်းရှိခဲ့သဖြင့် ကျောင်းသား ကျောင်းသူများသည် ဖတ်စာအုပ်အသစ်ကို ပိုမိုအသုံးပြုလာပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အကြိုက်နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ် အသစ်များမှာ မြန်မာစာ(၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅. ၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.ဝ ရာခိုင်နှုန်း)ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသုံး ဖတ်စာအုပ်သစ်များသည် သင်ကြားသင်ယူမှုနည်းလမ်း များနှင့် သင်ထောက်ကူပစ္စည်းများအသုံးပြုသင်ကြားသင်ယူ လေ့ကျင့်ခြင်းများဖြင့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင်သဘောထားများ ပိုမိုမြင့်မားလာခြင်း၊ စာသင်ခန်းတွင် ကျောင်းသုံး ဖတ်စာအုပ်များ ပိုမိုအသုံးပြုလာခြင်း၊ ဆရာ ဆရာမများ၏ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု ပိုမို ကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု စွမ်းရည်များ ပိုမို ကောင်းမွန် လာကြောင်း တွေ့ရှိရသဖြင့် ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်လာသည်ကို သိရှိရသဖြင့် JICA(CREATE) နှင့် ကျောင်းအုပ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ မိဘများနှင့် တာဝန်ရှိသူအားလုံး ကျေးဇူးတင်သင့်ပါကြောင်း၊ ထို့ကြောင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ၂၁ ရာစုနှင့် လိုက်လျောညီထွေဖြစ်သော သူငယ်တန်း + တစ်ဆယ့်နှစ်တန်းပညာရေးစနစ်သို့ဦးတည်ပြောင်းလဲခြင်း၊ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲခြင်း၊ ကျောင်း သုံးဖတ်စာအုပ်အသစ်များ ပြုစုအသုံးပြုခြင်း၊ သင်ယူသူဗဟိုပြု သင်ကြားသင်ယူမှုနည်းလမ်းအတွက် ဆရာ ဆရာမများအား သင်တန်းပို့ချခြင်း၊ သင်ထောက်ကူ ပစ္စည်းများ အသုံးပြု၍ ပရော့ဂျက်အခြေပြုသင်ကြား သင်ယူလေ့ကျင့်ခြင်း၊ ကျောင်းလိုအပ်ချက်များကို ခွင့်ပြုရန်ပုံငွေအရ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တို့ကြောင့် ကျောင်းသား ကျောင်းသူ များ ပိုမိုသင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်လာသည့်အတွက် ကျောင်းအုပ်ကြီးများက စံ သတ်မှတ်ချက် အညွှန်းဘောင် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျောင်းနှင့် စာသင်ခန်းတွင် ပိုမိုပျော်ရွှင်သည့် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်လာစေရေးအတွက် မိဘ၊ အုပ်ထိန်းသူပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်သား သင်တန်းသူ သိရှိလိုသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလယ်တန်းကျောင်းအုပ်နှင့် အထက်တန်းကျောင်းအုပ် သင်တန်းသား သင်တန်းသူ(၂၉၈) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ မှာ ဇူလိုင်လ (၇)ရက်မှ ဇူလိုင်လ(၂၇)ရက် နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.