အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 13 July, 2019

DSC_2023

GIFMaker.org_vBiA5O
ရန်ကုန် ဇူလိုင် ၁၃
အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် ပြင်ဆင်သည့် ဥပဒေ(၂၀၁၅)အရ ဆောင်ရွက်နေသည့် လုပ်ငန်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားလိုကြောင်း၊ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂(ဓ)အရ အဆင့်မြင့် ပညာရေးဆိုသည်မှာ အခြေခံပညာရေး၏အမြင့်ဆုံးအဆင့် သို့မဟုတ် ယင်းနှင့်တူညီသောအဆင့် အောင်မြင်ပြီးသူများကို အမျိုးသားပညာရေးမူဝါဒကော်မရှင်က အသိအမှတ်ပြုထားသည့် ကျောင်းတစ်ခုခု က လေ့ကျင့်သင်ကြား ပေးသည့် ပညာရေးကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း။
အမျိုးသားပညာရေးဥပဒေအရ အဆင့်မြင့်ပညာကျောင်းများသည် ကိုယ်ပိုင်တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီများ ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကကျောင်းဥပဒေကို ရေးဆွဲပြုစုလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက အဆင့်မြင့်ပညာ ကျောင်းများကို မှတ်ပုံတင်နိုင်သည့်အခွင့်အလမ်း ရရှိရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာပြဋ္ဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့မှတ်ပုံတင်ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ သွားရောက်လျှောက်ထားခြင်းကို အားပေးပါကြောင်း။
ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများသည် သုတေသနနှင့်ပညာရပ်ဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်မည် ဖြစ်သည့်အတွက် တက္ကသိုလ် ပဋိညာဉ်စာတမ်းများကိုပြုစုပြီး တက္ကသိုလ်ကောင်စီများ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးကိုလည်း အချိန်ယူကာ အတည်ပြုချက်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏တက္ကသိုလ်သည် အရည်အသွေးအာမခံမှုရှိသော၊ နိုင်ငံ့အကျိုးကိုပံ့ပိုးပေးနိုင်သော၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းပြည့်ဝသည့် ဘွဲ့ရလူငယ်များ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ပုဂ္ဂလိကကဏ္ဍရှိ အဆင့်မြင့်ပညာကျောင်းများကို အကောင်းဆုံးဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ ခေါ်ယူတွေ့ဆုံပြီး သိရှိလိုသည်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ Myanmar National Qualification Framework (MNQF) မူကြမ်းကိုလည်း ရှင်းလင်းပြောကြားလို ကြောင်း၊ အမျိုးသားပညာရည်စစ်ဆေးအကဲ ဖြတ်မူဝါဒများနှင့် ပတ်သက်ပြီး အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် ပညာရေးစနစ်သို့ ပြောင်းလဲဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းများဆိုင်ရာလုပ်ငန်းများ အောင်မြင်စေရေး အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ပုဂ္ဂလိကကျောင်းများ၏ သင်ကြား၊ သင်ယူမှု အရည်အသွေးရှိစေရန်၊ နိုင်ငံတော်၏လိုအပ်ချက်၊ ကျောင်းသားများ၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းပေါ်မူတည်၍ သင်တန်းများကို ဖွင့်လှစ်စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်က အမှာစကားပြောကြားရာတွင် မှန်ကန်၍ စည်းကမ်းပြည့်ဝသော ပြည်သူ့အကျိုးပြု ပုဂ္ဂလိကပညာရေးစနစ် ဖြစ်ထွန်းလာစေရန်၊ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း များ၏ပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာအရည်အသွေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုတို့ကို စစ်ဆေးအကဲဖြတ်ရန်နှင့် ၄င်းတို့ကို အများပြည်သူတို့ ယုံကြည်ကိုးစားလာစေရန် ရည်ရွယ်လျက် ပညာအရည်အသွေး စစ်ဆေးအကဲဖြတ်ရေးကော်မတီကို ဖွဲ့စည်းမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန် များအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ လာရောက်ဖွင့်လှစ်ထားသော ပညာရေး အဆင့်အသီးသီးရှိကျောင်းများ၊ သင်တန်းများ၏ သက်ဆိုင်ရာ နိုင်ငံတကာ ကွန်ယက်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို သိရှိရန်နှင့် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်၊ ကျောင်းတွင်းအရည် အသွေး(Internal Quality Assurance) စနစ် ရှိ/မရှိနှင့် ဆောင်ရွက်ထားသည့် အခြေအနေကို စိစစ်ရန်၊ ကျောင်းများ၏ သင်ရိုးညွှန်းတမ်းနှင့်သင်ရိုးမာတိကာများ မှန်ကန်မှုနှင့် ခိုင်မာမှု ရှိ/မရှိ စိစစ်ရန်၊ သင်ကြား ပို့ချလျက်ရှိသော ဆရာ၊ ဆရာမများ လုံလောက်မှု ရှိ/မရှိနှင့် ၄င်းတို့၏ ပညာအရည်အချင်း သင်ကြားရေး အတွေ့အကြုံများစိစစ်ရန်၊ သင်ကြား၊ စီမံဝန်ထမ်းများ၏အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်စေရေး ဆောင်ရွက်မည့် အစီအစဉ်များ ရှိ/မရှိကိုစိစစ်အကဲဖြတ်ရန်၊ သင်ကြား/သင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်း စနစ်တို့ကို စိစစ်ရန်၊ ထို့ပြင် ကျောင်းများ၏ အခြေခံအဆောက်အဦပြည့်စုံမှု ရှိ/မရှိ၊ သန့်ရှင်းလုံခြုံ၍ သင့်တင့်လျောက်ပတ်သော ကျောင်းပရဝုဏ် ရှိ/မရှိ၊ သင်ကြား/သင်ယူမှု အထောက်အကူပြုပစ္စည်းလုံလောက်မှု ရှိ/မရှိ စိစစ်ရန်၊ ကျောင်းများနှင့် သင်တန်းအစီအစဉ်များကို အရည်အသွေး အကဲဖြတ်ဆန်းစစ်သောလုပ်ငန်းကို ဆောင်ရွက်ရန်၊ ကျောင်းအမျိုးအစားအလိုက် အပ်နှင်းသည့် သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ဒီဂရီ၊ ဘွဲ့လွန်ဒီဂရီများကို စိစစ်ရန်၊ ဘွဲ့အမျိုး အစားအလိုက် သုတေသနဆောင်ရွက်မှုများ၊ စာတမ်းရေးသား တင်သွင်းမှုများ စနစ်တကျဆောင်ရွက်မှု ရှိ/မရှိ စိစစ်ရန်၊ ကျောင်းများ၏ အရည်အသွေးများကို စိစစ်ရန်အတွက် နိုင်ငံတကာကွန်ယက်များ၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် စစ်ဆေးတွေ့ရှိချက်များကို အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီမှတစ်ဆင့် ပုဂ္ဂလိကအဆင့်မြင့်ပညာ ကျောင်းများဆိုင်ရာလုပ်ငန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ဦးစီးကော်မတီသို့တင်ပြရန်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မရှင်နှင့်ကော်မတီများမှတာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြသည်။
အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ American University of Yangon၊ Assumption University – ABAC Myanmar Professional Training Center၊ Benchmark Management College International၊ British University College၊ Business Institute Yangon၊ Career Core Institute၊ Change U Myanmar International College၊ Chindwin College (UK)၊ Ever Up College၊ Excellence Choice, Institute of Finance and Management၊ F.A.M.E Education Myanmar၊ Forever Academic Accountancy and Management Education Co., Ltd၊ Guarantee International College၊ Info Myanmar University (IMCS Co., Ltd)၊ Institute of Business and Investment Management (IBIM)၊ Kaplan Myanmar University College၊ Knowledge Hub Institute၊ MESI Entrepreneur SMEs၊ MMC Training Institute (Myanmar Computer Company)၊ MMAC College၊ Myanmar Human Resources Institute (MHR)၊ Myanmar Imperial University၊ Myanmar International Business Academy (MIBA)၊ Myanmar Management Institute၊ Myanmar Metropolitan College၊ Myanmar Supply Chain College (MSCC)၊ Oxford Myanmar Medical College၊ Parami Institute of Liberal Arts and Sciences ၊ PS Business School၊ Robinson Business School၊ Rvi Institute (Myat Thit OO)၊ Science and Tech International Myanmar University (STI)၊ SME Business Institute၊ Star Academy၊ Strategy First University၊ Temasek International College၊ Victoria University College၊ WISE College၊ Yangon Institute for University Studies (YIUS) ကျောင်း (၃၈) ကျောင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကျောင်းများ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် အသင်းအဖွဲ့အနေဖြင့် ဖွဲ့စည်းတည်ထောင်ရန်၊ ပညာရေး ဝန်ကြီးဌာနက ကျင်းပမည့် တက္ကသိုလ်ပညာရေးဆိုင်ရာ ညီလာခံတွင် ပုဂ္ဂလိကကျောင်းများမှ စာတမ်းများ ဖတ်ကြားနိုင်ရန်၊ အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်းပြောကြားခဲ့ သည်။
ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးကို လေ့လာဆန်းစစ်နိင်ရန် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ် ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ ပါမောက္ခချုပ်များကော်မတီနှင့် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့တို့သည် အစည်းအဝေး(၅)ကြိမ်ကျင်းပခဲ့၍ အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို (၂)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.