ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး မိတ်ဆက်အစီအစဉ် အခမ်းအနားကျင်းပ


Date : 28 July, 2019

DSC_5374

GIFMaker.org_ACchG2
ရန်ကုန် ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်တို့ပူးပေါင်းဆောင်ရွက် သည့် ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး မိတ်ဆက်အစီ အစဉ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ သိမ်ကျောင်း ဝန်ထမ်းအိမ်ယာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ပညာသင်ယူခြင်းကိုသာ အားပေးလိုပါကြောင်းနှင့် ကျောင်းမထွက်ကြစေလိုကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်များကို စနစ်တကျအသုံးပြုကြ၍ Grade-3 တက်ရောက်ပြီးပါက စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူ ကလေးငယ်များအနေဖြင့် အိမ်စာမှန်မှန်လုပ်ရန်လိုအပ်ပြီး လိမ်လိမ်မာမာနှင့် မိဘကိုကူညီကြရမည်ဖြစ်ပါ ကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် ကူညီရိုင်းပင်းကြရမည်ဖြစ်ပြီး မိမိတို့၏အလုပ်ကို အကောင်းဆုံးကြိုးစား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာ သင်ယူပြီးမြောက်ပါက အလယ်တန်းပညာဆက်လက်သင်ယူ ရမည်ဖြစ်ပြီး အလယ်တန်းပညာ သင်ယူပြီးမြောက်ပါက အထက်တန်းပညာ ဆက်လက်သင်ယူရမည် ဖြစ်ပါကြောင်း၊ အထက်တန်းပညာ သင်ယူပြီးမြောက်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့ကျင့်၍ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များကပံ့ပိုးပေးသည့် ကျောပိုးလွယ်အိတ်များ၊ ဗလာစာအုပ် များနှင့် ခဲတံများကို ကျောင်းသား ကျောင်းသူများအားပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်း ဝန်ထမ်းအိမ်ယာ၌ အိမ်ထောင်စု(၉၀)ခန့် နေထိုင်ကြပြီး KG တန်းမှ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉၅)ဦး ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှုလက်မှု သိပ္ပံကျောင်းများ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းခွင်လုံခြုံမှုရှိရေးနှင့် အရည်အသွေး ကောင်းမွန်ရေး၊ အချိန်မီတည်ဆောက်ပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေးစသည်တို့ အားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.