၂၀၁၉-၂၀၂၀ပညာသင်နှစ် အခြေခံပညာဦးစီးဌာန ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Integrity Education)အစီအစဉ် အခြေခံပညာအလယ်တန်းဆရာကိုင်စာအုပ်များပေးအပ်ပွဲအခမ်းအနား


Date : 29 July, 2019

11

GIFMaker.org_5Gx4DIနေပြည်တော် ဇူလိုင် ၂၉

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာရေး အစီအစဥ်(အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါ်ြမတ်မြတ်စိုး၊ ဦးဟန်ညွန့်နှင့် ဒေါ်အေးအေးမူ၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ UNODC ရုံးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ကျင်းပသော ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေးပညာပေး (Integrity Education) အစီအစဉ် အခြေခံပညာအလယ်တန်း ဆရာကိုင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနားသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုးပေးသော မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ (Anti-Corruption Commission-ACC)အား အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းသည် အထိရောက်ဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အကောင်းဆုံး ရေရှည်လုပ်ဆောင်ချက် ဖြစ်သောကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အခြေခံပညာ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများမှစတင်၍ ဖြောင့်မတ် တည်ကြည်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ရေးဆွဲခဲ့သော ပထမအကြိမ် မူလတန်းအဆင့် ဆရာကိုင်အုပ်ရေ (၄၀၀၀၀)အား လက်ခံရယူခဲ့ပြီး ကျောင်းများသို့ဖြန့်ဝေ သင်ကြားလျက် ရှိပါကြောင်း၊ ၂၀၁၉ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတစ်ခုတွင် “တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အကြီးမားဆုံးသော အဟန့်အတားများအနေဖြင့် ပညာရေးနှင့် အခြားအခြေခံ အဆောက်အအုံများ ချို့တဲ့မှုထက် အဂတိလိုက်စားမှု (သို့မဟုတ်) အကျင့်ဖောက်ပြန်မှုက ပို၍ဆိုးရွားစွာ ပျက်စီးစေသည်” ဟုဆိုပါကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေခြင်းသည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ ကျင့်သုံးတတ်စေရန်၊ ခြိုးခြံချွေတာ တတ်စေရန်၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ ကိုယ်ကျင့်တရား ပျက်ယွင်းရခြင်း၏ အကြောင်းရင်းများနှင့် အန္တရာယ်များကို သိရှိနားလည်ပြီး ပယ်ခွာတတ် စေရန်၊ နေ့စဉ်ဘဝတွင် အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန် ပိုင်းခြားနိုင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင် အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာစေရန် လူ့အဖွဲ့အစည်း အပေါ်မှန်ကန် ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်နှင့် တန်ဖိုးထား အပ်သည့် စံနှုန်းများကို နိုင်ငံသူနိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်း လာစေရန် ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဖော်ဆောင်ပေး နေခြင်းဖြစ်ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုများ တစ်ပြိုင်နက် တိုက်ဖျက်နိုင်ရန် ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော အစုအဖွဲ့များ(Integrity Pact) ဖြစ်ပေါ်လာစေရေးအတွက် အရှိန်အဟုန် ဆောင်ရွက် နေသကဲ့သို့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးအဖွဲ့ (Corruption Prevention Unit-CPU)များကို ဝန်ကြီးဌာန(၁၈)ခုတို့တွင် CPU(၃၂)ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ ပညာရေးဝန်ကြီးဌာန အတွက်လည်း ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း၊ ကျောင်းနေစဉ်ကပင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို သင်ကြားလေ့ကျင့်ပေးမှသာလျှင် ၎င်းတို့စိတ်ထဲတွင် စွဲမြဲလာပြီး ဘဝတစ်လျှောက်လုံး မည်သည့်ကိစ္စမဆို ဖြောင့်မတ်တည်ကြည်မှုဖြင့် ဆောင်ရွက်သွားနိုင်သော အလေ့အကျင့် ကောင်းများ၊ အလေ့အထကောင်းများ ရရှိသွားနိုင်မည်ဖြစ်ပြီး နောင်လာမည့် အနာဂတ်အတွက် နိုင်ငံသားကောင်းများ၊ ကမ္ဘာ့သားကောင်းများ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ကျောင်းသားကျောင်းသူ လူငယ်လေးများအား တာဝန်ယူမှု၊တာဝန်ခံမှုအား သူ့အရွယ်နှင့်သူ သင်ကြားလေ့ကျင့် ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်အဂတိလိုက်စားမှု ကင်းစင်ရေး အုတ်မြစ်လည်းဖြစ်သည့် အလျောက် ဤဆရာကိုင် စာအုပ်များတွင် ဖွဲ့စည်းထားသော သင်ခန်းစာများကို အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားများသို့ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် ဆရာ၊ဆရာမများအပါအဝင် ကျောင်းသားလူငယ် အားလုံးတို့၏ ကိုယ်ကျင့်သိက္ခာ၊ ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာမှုများ၊ အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်ပြီး အဂတိလိုက်စားမှု ကင်းစင်သည့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း၏ အတန်းတိုင်း၌ သင်ကြားရသည့် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တွင် ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်များအား လိမ်ညာပြောဆိုမှုများ ကင်းဝေးရန်၊ ရိုးသားရန်၊ တစ်ပါးသူအား စာနာတတ်ရန်၊ လိမ္မာယဉ်ကျေးရန်၊ အများပိုင်ပစ္စည်းများ တန်ဖိုးထားတတ်ရန်၊ စည်းကမ်းနှင့် နေထိုင်တတ်ရန်နှင့် လူမှုကျင့်ဝတ် စောင့်ထိန်းလိုက်နာတတ်ရန် အစရှိသည့် သင်ခန်းစာများကို အသက်အရွယ်အလိုက် အတန်းအလိုက် လေ့ကျင့်ပေးနိုင်သည့် သင်ခန်းစာများကို ပြဋ္ဌာန်း သင်ကြားလေ့ကျင့်ပေးလျက်ရှိသလို လက်ဆောင်ပစ္စည်းပေးခြင်း၊ ယူခြင်း၊ ငွေကြေးပေးခြင်း၊ ယူခြင်းတို့ကိုလည်း မပြုလုပ်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ (Anti-Corruption Commission-ACC)၏ ရည်ရွယ်ချက်များအနက် ရည်ရွယ်ချက် တစ်ခုဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေစဉ်တွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အခြေခံပညာအလယ်တန်း ဆရာကိုင် စာအုပ်များကို အခြေခံပညာကျောင်းများတွင် ထိရောက်စွာ သင်ကြားသွားရေးအတွက် အဆင့်ဆင့် လမ်းညွှန်မှုများဖြင့် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က ဖြောင့်မတ်တည်ကြည်မှုအတွက် စာသင်ကျောင်း များမှာ သင်ယူလေ့လာနိုင်ရန် လွယ်ကူမှု အခွင့်အရေး ပေးလိုက်ြခင်းသည် အနာဂတ် မျိုးဆက်များကို အဂတိလိုက်စားမှု ကင်းဝေးသွားစေရန် အခွင့်အာဏာ ပေးအပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများမှာ ဖြောင့်မတ် တည်ကြည်မှုဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူနိုင်ရန် အခွင့်အရေး မရှှိခဲ့ခြင်းသည် ယနေ့ နိုင်ငံတစ်ဝန်းလုံးမှာ အဂတိလိုက်စားမှုများ ပျံ့နှံ့နေရတဲ့အကြောင်း တရားတစ်ခုဖြစ်သည်ဟု ယူဆနိုင်ပါကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသော ယဥ်ကျေးမှုသည် လူငယ်တို့၏ ပညာရေး၊ စာသင်ကျောင်းများမှသာ စတင်ရမှာဖြစ်ကြောင်း၊ ဖြောင့်မတ် တည်ကြည်မှု(Integrity)သည် နိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ်ကို ပုံသွန်းလောင်နိုင်သလို ဖြောင့်မတတတ်ကြည်မှုကို ဖောက်ဖျက်ခြင်း(Integrity Violation)သည် အကျင့်ဖောက်ပြန်မှု သို့မဟုတ် အဂတိလိုက်စားမှု (Corruption) ြဖစ်သွား နိုင်သည်ကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်သော ယဥ်ကျေးမှု ထူထောင်ရာတွင် ကျောင်းသားကျောင်းသူ လူငယ်များမှ စတင်ခြင်းဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးယန္တရားနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများပါမကျန် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်း အလိုက်ဖြစ်စေ ပါဝင်လာစေရန် အလေးထား အားထုတ်နေရမှာ ဖြစ်ပါကြောင်းစသည်ဖြစ် ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးထံ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဥ်(အခြေခံပညာ အလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကော်မရှင်ဥက္ကဋ္ဌထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအား ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဥ် (အခြေခံပညာ အလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဥ်(အခြေခံပညာအလယ်တန်း) ဆရာကိုင် စာအုပ်(၄၀၀၀၀) ပေးအပ်ခဲ့ကြောင်းသိရှိရသည်။



Bookmark the permalink.

Comments are closed.