ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တွေ့ဆုံ


Date : 2 August, 2019

2

GIFMaker.org_iFoeXB
စစ်ကိုင်း သြဂုတ် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က စစ်ကိုင်း ပညာရေးတက္ကသိုလ်၏ ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို သုတေသန အခြေခံအချက်အလက် အထောက်အထားများပေါ်တွင် မူတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ၂၁ ရာစုနှင့် လိုက်လျော ညီထွေဖြစ်သော အရည်အသွေးရှိသည့် ပညာရေးပြုပြင် ပြောင်းလဲမှုဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယခုလို ပညာရေးပြုပြင် ပြောင်းလဲမှုဆောင် ရွက်ရာတွင် ထိရောက်ပွင့်လင်း မြင်သာစွာ အကောင်အထည်ဖော်နိုင်ရန် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၂၀၁၈-၂၀၃၀) တွင် ဖော်ပြထားသည့် မျှော်မှန်းရလဒ်များကို ပြည့်မီအောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးလုပ်ငန်း(၁၂)ခုကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အခြေခံမူဝါဒဖြစ်သည့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ပညာသင်ကြားခွင့်ရရှိရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန၏ မျှော်မှန်းရလဒ် အနေဖြင့် လူသားကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်သည့် အလေ့အကျင့် ကောင်းများပြုစုပျိုးထောင်ပေးရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်များ လေ့ကျင့်ပေးရေး၊ တာဝန်ခံ တာဝန်ယူမှုဖြင့် မိမိတို့၏တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နိုင်ပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူများမွေးထုတ် ပေးနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် မျိုးဆက်သစ် လူရည်ချွန်များအဖွဲ့ (ဗဟို)မှ ကျင်းပသော Welcome Conference and Gathering Camp 2019 အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် ထူးချွန်သူများကို ပိုမိုထူးချွန်စေရန် ပံ့ပိုးပေးလိုပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ပညာရပ်များကို နက်နက်နဲနဲနှင့် တစ်သက်တာသင်ယူကြရန် စနစ်တကျသင်ကြား သင်ယူလေ့ကျင့် ရမည် ဖြစ်ပါကြောင်း၊ တန်ဖိုးထားရမည့် စံနှုန်းများကိုလည်း အထူးအလေးထား လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ထူးချွန်သူများအနေဖြင့် ဆရာ ဆရာမများအဖြစ် ဆောင်ရွက်မှသာ မိမိထက်တော်သော ထူးချွန်သောသူများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသဖြင့် ဆရာ ဆရာမ အလုပ်ကို လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် အင်းဝ(၉) ဆောင်တွင် ကျင်းပသည့် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ Education Leadership and Management ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.