နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ RC နှစ်ထပ် ကျောင်းဆောင်သစ်အား လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ


Date : 7 August, 2019

17

GIFMaker.org_jEL8ZI

နေပြည်တော် သြဂုတ် ၇

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ (၁၃၀ပေ X ၃၀ပေ) RC နှစ်ထပ် ကျောင်းဆောင်သစ်အား လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ၇၊၈၊၂၀၁၉ ရက်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါကျောင်း၌ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဒေသရဲ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောင်းနေအရွယ် ကလေးများ ကျောင်းနေရန်အတွက် ကျောင်းရှိရေး၊ ဆရာဆရာမရရှိရေး၊ ဘေးကင်းလုံခြုံစိတ်ချရပြီး ကလေးပျော်သည့် ပတ်ဝန်းကျင် ကောင်းများကို ဖန်တီးပေးနိုင်သော စာသင်ခန်းများ ရရှိရေးလိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းဆောင်ပေါင်း ၄၅၀၀၀ ဝန်းကျင်ခန့် လိုအပ်လျက် ရှိနေရာယခု ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကိုတည်ဆောက်ပေးနိုင်ခဲ့ ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာရည် တိုးတက်မြင့်မားရေးအတွက် မိဘများအနေဖြင့် ဆရာဆရာမများ၊ ကျောင်းအုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေမြဲရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ တတိယတန်း ကျောင်းသားကျောင်းသူတိုင်း အခြေခံအဖတ်၊ အရေး၊အတွက် ကောင်းမွန်စွာ တတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲမှုသည် ရလဒ်ကို ဦးတည်သည့် ပညာရေးမဟုတ်ဘဲ မိမိကိုယ်တိုင် တတ်မြောက်မှုကိုသာ ပြိုင်သည့်စနစ် ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဖို့ သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း သင်ယူဖို့သာ ဖြစ်ပါကြောင်း၊ စာမေးပွဲကို အားမပေးသော်လည်း A အဆင့်ရရှိသည့်ကလေးက A+အဆင့်ရရှိရေး၊ B အဆင့်ရရှိသည့်ကလေးက A အဆင့်ရရှိရေး၊ C အဆင့်ရရှိသည့်ကလေးက B အဆင့်ရရှိလာရေး မြှင့်တင်ဆောင်ရွက် ပေးကြရမည်ဖြစ်ပြီး တဖြေးဖြေးနှင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကို ပိုမိုတိုးတက်လာအောင် သင်ကြားသင်ယူ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့ ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံပြီး ဆောင်ရွက်တတ်အောင်၊ ဆန်းသစ်တီထွင်ဖန်တီး ဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်ပေးကြ ရမည် ဖြစ်ပါကြောင်း၊

ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်သည့် စနစ်သစ်သင်ရိုးများအားဂျပန်မှ JICA(CREATE) အဖွဲ့က လေ့လာဆန်းစစ် ကြည့်ရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade-2) ဒုတိယတန်းကျောင်းသုံ းဖတ်စာအုပ်(သင်္ချာ)အသစ်နှင့် ယခင်ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အဟောင်းတွင် ကျောင်းသားကျောင်းသူများသည် ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အသစ်ကို ပိုမိုကြိုက်နှစ်သက် ကြသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး မေးခွန်းစစ်မေးရာတွင် ရမှတ်ပိုမို ကောင်းမွန်ပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများကို ပိုမိုဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ဖတ်စာအုပ်အသစ်ကို စိတ်ဝင်စားမှုမြင့်မားလာပြီး ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းသားကျောင်းသူများ အကြိုက်နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ် အသစ်များမှာ မြန်မာစာ(၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅.၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.၀ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားသင်ယူ လေ့ကျင့်ခြင်းများဖြင့် ကျောင်းသုံး ဖတ်စာအုပ် အသစ်များအပေါ် ကျောင်းသားကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင် သဘောထားများ ပိုမိုမြင့်မားလာပါကြောင်း၊ စာသင်ခန်းတွင်လည်း ပိုမိုအသုံးပြုကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာဆရာမများ၏ စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများပိုမို ကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု စွမ်းရည်များ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့ကလေး၏ ပညာရေးအခြေအနေကို သိရှိအောင်ကြိုးစားပြီး ပိုမိုထူးချွန် တိုးတက်လာအောင် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ ပညာရေးမိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များ အားလုံးနှင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေ လိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောပိုးအိတ်(၁၀၀)ကို ပေးအပ်လှူဒါန်းရာ GRADE-6 ကျောင်းသားကျောင်းသူ လေးများက လက်ခံရယူကြသည်။

ဆက်လက်၍ လင်းရာဇာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင့်လွင်ဦး ကကျောင်းဆောင်သစ်ကို လွှဲပြောင်းပေးအပ်၍ စာရေးခုံအစုံ(၂၀၀)အတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်ယုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.