ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးကောလိပ်များမှသင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာမူဝါဒနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 8 August, 2019

8

GIFMaker.org_14PUPP

နေပြည်တော် ဩဂုတ် ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ ပညာရေးကောလိပ်(၂၅) ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာဆရာမ (၅၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ပညာရေးကောလိပ်မှ ပြုစုပျိုးထောင်မွေးထုတ်လိုက်သည့် ဆရာဆရာမများသည် ကျောင်းသား ကျောင်းသူများ၏ စံပြဖြစ်ရန်၊ အများကလေးစားတန်ဖိုးထားသူများဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းရန်၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းရန် အရေးကြီးပါကြောင်း၊ ပညာရေးကောလိပ်မှ ပြုစုပျိုးထောင်မွေးထုတ်ပေးလိုက်သော ဆရာဆရာမများသည် မြန်မာနိုင်ငံ၏ ပညာရေးတွင် အရေးကြီးဆုံး၊ အခြေခံကျသောအုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအဖြင့် ပညာရေးကောလိပ်မှ ပညာရေးဒီဂရီ ကောလိပ်ဖြစ်အောင် ကြိုးစားနေခြင်းကြောင့် ရာထူးတိုးရန်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ ပညာရေးတက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာန၏ ပထမဦးစားပေးဖြစ်ပါကြောင်း၊ ဆရာဆရာမတို့ အနေဖြင့် ကိုယ်တာဝန်ထမ်းဆောင်နေသည့် ပညာရေးကောလိပ်များ၊ဒေသနှင့် နိုင်ငံ၏ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး မျှော်မှန်းပြီး၊ ဦးတည်ပြီးဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် ဂုဏ်သိက္ခာရှိသော ပညာရေးကောလိပ်များ အဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက်ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းဆောင်ရွက်မည် တန်းစီဇယား ရေးဆွဲရေးမူကို Power Point ဖြင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.