အခြေခံဆရာ ခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 13 August, 2019

2

Augu 13

နေပြည်တော် သြဂုတ် ၁၃
အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးရှိသော ပညာစနစ်ကို ဦးတည်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ အရည်အချင်းရှိသူ၊ တော်သူများအား ဆရာဆရာမခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့် အခွင့်အလမ်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ပါကြောင်း၊ (၂)နှစ်သင် ပညာရေး ကောလိပ်များကိုလည်း (၄)နှစ်သင် ပညာရေးဒီဂရီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေ ပါကြောင်း၊ အရည်အချင်းနှင့် အတွေ့အကြုံရှိသော မူလတန်းပြ ဆရာဆရာမများကို ရာထူးတိုးစနစ်ကြောင့် ဆုံးရှုံးနေရခြင်းကြောင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ နှစ်ပေါင်းများစွာ ဆရာဆရာမ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ အားကစားကွင်း စသည်ဖြင့် လိုအပ်ချက်များ အင်မတန်များပြားသဖြင့် ၂၀၁၆ခုနှစ် ဧပြီလမှစ၍ နိုင်ငံတော်ဘဏ္ဍာငွေကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေပါကြောင်း၊ ထိုလိုအပ်ချက်များကို ဦးစားပေးအလိုက် စာရင်းများပြုစု တင်ပြရန် လိုအပ်ပါကြောင်း၊ ရရှိသည့်နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များ အဆင့်ဆင့် ဖြည့်ဆည်းနိုင်ရေး ထိရောက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမခံပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံ/ အဆင့်မြင့်ဆရာဆရာမများ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၏ တင်ပြချက်၊အသံများကိုလည်း လေးစားစွာ နားထောင်၍ ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ မိမိတို့၏ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အချင်းပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆရာများ ခန့်ထားနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသားကျောင်းသူ၊ လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အလေးထား ဦးတည်ဆွေးနွေးညှိနှိုင်း ကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးကောလိပ်၊အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ် များက အခြေခံဆရာခန့်ထားမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြသည်။
ယနေ့အစည်းအဝေးသို့ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန် ရှိသူများ၊ ပညာရေးကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂ/ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.