ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသောအင်တာနက် အသုံးပြုမှုနှင့် ကျင်လည်မှု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ


Date : 19 August, 2019

DSC_3483

19-9-2019

နေပြည်တော် ဩဂုတ် ၁၉
ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသော အင်တာနက် အသုံးပြုမှုနှင့် ကျင်လည်မှု စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူလူငယ်များ၊ ပြည်သူများသည် Internetနှင့် Social media များကို အသုံးပြုနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒစ်ဂျစ်တယ် နည်းပညာသည် အရေးကြီးပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ကို Digital Literacy၊ Online Safety နှင့် Resilience တို့နှင့် ပတ်သက်သည်များကို သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြင့် ပညာရေးမှတစ်ဆင့် အနာဂတ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေမည့် ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင် စွာ အသုံးပြုနိုင်ရန်ရည်ရွယ်ပါကြောင်း။
ပညာရေး ဝန်ကြီးဌာနသည် အမျိုးသားအဆင့်ပညာရေး မဟာဗျူဟာစီမံကိန်း ရေးဆွဲချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် နယ်ပယ်အသီးသီးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ဒစ်ဂျစ်တယ်နှင့် အင်တာနက် ကျွမ်းကျင်မှုပညာရပ်ကို တတ်မြောက်ထားရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များကို နည်းပညာတတ်ကျွမ်း မှုများ အားဖြည့်ပေးနိုင်ရန် အစီအစဉ်ကောင်းဖြစ်သည့် ယခုစီမံကိန်းသည် အမျိုးသားပညာရေးမဟာဗျူဟာ အတွက် သာမက လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက်ပါ အထောက်အကူ ပြုသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင် အထည်ဖော်ရာတွင် ပံ့ပိုးကူညီ ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နော်ဝေသံရုံးမှ Minister Counsellor/Deputy Chief of Mission, Ms. Lisc Nordgaard က အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နော်ဝေသံရုံးမှ Minister Counsellor/Deputy Chief of Mission, Ms. Lisc Nordgaard နှင့် တာဝန်ရှိသူများက စီမံကိန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် Telenor Group ၏ Senior Vice President Sustainability, Ms. Elisabeth Biering ၊ တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေး၊ Plan International (နော်ဝေ)၏ National Director, Ms. Kari Helene Partapuoli နှင့် Plan International (မြန်မာ)၏ Country Director, Mr.Kelland Stevensonတို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ယင်းနောက် Plan International (မြန်မာ)၏ စီမံကိန်းဒါရိုက်တာ ဒေါ်လင်းလင်း အောင်၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်း၊ တယ်လီနောမြန်မာမှ ဦးမင်းသူ၊ တယ်လီနော လူငယ်ဖိုရမ် ကိုယ်စားလှယ် ကိုရာထူး ပရာဆက်၊ MIDO မှ ဦးဝေမျိုးထွဋ်နှင့်KMD မှ ဦးဘိုဘိုလွင်တို့က “ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံ အတွက် လက်တွဲပူးပေါင်းခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်စွာအသုံးပြုမှုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးကြသည်။
ယနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ တယ်လီနောမြန်မာနှင့် Plan Internationalတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ လူငယ်များ ဒစ်ဂျစ်တယ်ဆိုင်ရာ သတင်းအချက် အလက်များရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များ ရရှိရန်နှင့် အွန်လိုင်း အသုံးပြုရာတွင် သုံးစွဲသူ အချင်းချင်းအပြန်အလှန် အကျိုးပြုနိုင်ပြီး မညီမျှမှုများ လျှော့ချ နိုင်ရန် ရည်ရွယ်၍ ဘက်စုံ ဘေးကင်းလုံခြုံသော စာသင်ကျောင်းများ စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.