ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲတက်ရောက် ဆွေးနွေးပြောကြား


Date : 23 August, 2019

3

Augu 23 NEPC

နေပြည်တော် သြဂုတ် ၂၃

အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ပညာရေးသည် စက်မှု ၄.၀ (Industrial Revolution-IR 4.0)၏ စိန်ခေါ်မှုနှင့် တွေ့ကြုံနေရပါကြောင်း၊ ပညာရေး၏ တီထွင်ဆန်းသစ် ဖန်တီးနိုင်မှုများနှင့် အလားအလာကောင်း မွန်မှုများကြောင့် စက်မှု ၄.၀ ကိုလည်းကောင်း ကျိုးပြုနိုင်စွမ်းရှိပါကြောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်ဘာသာရပ် နယ်ပယ်များအဖြစ် စက်မှု ၄.၀ နှင့် လိုက်လျောညီထွေ ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ်များတွင်IoT, Big data analysis, cyber-physical systems or robotics တို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များအားလုံး ထိုကဲ့သို့ ဘာသာရပ်နယ်ပယ်များနှင့် စက်မှု ၄.၀ တို့ကိုပေါင်းစပ် ဆောင်ရွက်ရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေကြ ရပါကြောင်း၊ တက္ကသိုလ်များတွင် ပေါင်းစပ်ဘာသာရပ် နယ်ပယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စက်မှု ၄.၀ နှင့်ပတ်သက်သော အခမ်းအနားများကျင်းပရန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တက္ကသိုလ်များ သင်ရိုးညွှန်းတမ်း ပြင်ဆင်ဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်းပံ့ပိုး ကူညီနိုင်သည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ၍ ဆောင်ရွက် သင့်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ ကျောင်းသားကျောင်းသူများအား ဉာဏ်ပညာအမြော်အမြင် ရှိစေရန် ဦးတည်သည့် စွမ်းရည်များရရှိရေး၊ လုပ်ငန်းခွင်လိုအပ်ချက်အတွက် နည်းပညာနှင့်သက်မွေးဆိုင်ရာ ကျွမ်းကျင်မှုပြည့်ဝစေရေးအတွက် သင်ယူ လေ့ကျင့်ခြင်းတို့အပြင် ကောင်းမွန်သောသဘောထား အမြင်နှင့် မိမိတန်ဖိုးအား အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်၍ အများအတွက် အကျိုးပြုနိုင်အောင် အသုံးချပူးပေါင်း ဆောင်ရွက်တတ်ရေး လေ့ကျင့်ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း၊ထို့အပြင် အင်္ဂလိပ် ဘာသာစကားနှင့် အိုင်စီတီ ကျွမ်းကျင်အောင်လေ့ကျင့်ပေးရန်၊ အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ အရည်အသွေးအာမခံမှု၊ ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ငါးမွေမြူရေး၊ ရေနှင့် သဘာဝ ပတ်ဝန်းကျင်၊ စီးပွားရေးဥပဒေ၊ နိုင်ငံတကာဥပဒေ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ သိပ္ပံ၊နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ၊အခြေခံ အဆောက်အဦ (မြို့ပြ၊လျှပ်စစ်)၊ အော်တိုမေးရှင်း၊ ဒီဂျစ်တိုက်ဇေးရှင်း၊ ကလောက်၊ ဒရုန်း၊အင်တာနက်၊ ဝက်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စက်မှုဒီဇိုင်း၊ မိုဘိုင်းနည်းပညာ၊ ဒေတာအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေးကွန်ရက်၊ မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ သက်ကြီးစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်းမှုပညာရပ်များကိုလည်းထည့်သွင်းလေ့ကျင့် သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပါမောက္ခချုပ်များ ကော်မတီ အတွေ့အကြုံရှင်းလင်းပွဲအားအစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။

ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေးပညာရေးမူဝါဒကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.