တက္ကသိုလ်များ ဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ


Date : 24 August, 2019

16

AUg 24 Univ

ရန်ကုန် သြဂုတ် ၂၄
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံတော်အဆင့်ကျင်းပနိုင်ရန် ရာပြည့်သဘင် ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာပြည့်သဘင် အခမ်းအနားများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလအထိ နိုင်ငံတော်အဆင့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား များကျင်းပရာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့်အညီ အများကတန်ဖိုးထားလေးစားပြီး နိုင်ငံတကာအဆင့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်အဖြစ် အဆင့်ပြန်လည် မြှင့်တင်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်းကို ကြည့်ပါက အောင်မြင်ခဲ့သည့် သမိုင်းကြောင်း အစဉ်အလာများရှိသကဲ့သို့ သင်ခန်းစာများ ရယူရမည့် သမိုင်းကြောင်းများလည်း ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး တို့ကို အထောက်အကူပြုပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးခြင်းကို ဦးတည်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်(၁၃၀၇၂) ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့်(၇၂၂၁) ဖြစ်လာသည်အထိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ အခြေခံ အဆောက် အအုံများဖြည့်ဆည်းမွမ်းမံ ပြင်ဆင်ရေး၊ ပညာရေးမြှင့်တင်မှု အစီအစဉ်များ ဖြည့်ဆည်းရေး ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး လုပ်ငန်းတစ်ခုအဖြစ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ရေး ဆောင်ရွက်ရန် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သဖြင့် တန်ဖိုးထားဝမ်းမြောက်မိပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့လှူဒါန်းသော အလှူရှင်များအား အထူးကျေးဇူးတင် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ယခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်(၁၀ဝ)ပြည့်အခမ်းအနားများကို (၁)နှစ်ပတ်လုံး ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အဘက်ဘက်က ပြန်လည်ပြုပြင် မွမ်းမံရန် ကော်မတီများကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ကို မိမိတို့တာဝန်ရှိသူများကသာ ဦးစီးဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းတော်ကြီးတွင် တက်ရောက် ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား လုံးပူးပေါင်းပါဝင် ဆောင်ရွက်သည့် နှစ်(၁၀ဝ)ပြည့် အခမ်းအနားဖြစ် လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ယင်းနောက် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်က ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းရှင်များ၊ ကျောင်းသူ ကျောင်းသား ဟောင်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူ ကြရာ အလှူရှင် စုစုပေါင်း (၃၂) ဦးမှ အလှူငွေပေါင်း (၁၀၅၆)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်များ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဝန်ကြီးမှ တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်မည့် လုပ်ငန်း တစ်ခုချင်းအလိုက် Power Point ဖြင့်အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.