ယခုပညာသင်နှစ်မှ စတင်၍ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်မည်


Date : 29 August, 2019

6

Augu 29

နေပြည်တော် သြဂုတ် ၂၉

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက် ကြောင်းလက်မှတ် (High School Completion Certificate) ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၌ ကျင်းပသည့် အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ယနေ့ သတင်းစာရှင်းလင်းပွဲသည် အဓိကအားဖြင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက် ကြောင်းလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် ပြည်သူကိုအသိပေးလိုသည့် အတွက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနနှင့် ပတ်သက်၍ အခြားသိရှိလိုသည့် အကြောင်းအရာများကိုလည်း သတင်းမီဒီယာများ အနေဖြင့် မေးမြန်းနိုင်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းဘာသာသင် အကူဆရာများ (Teaching Assistant -TA) နှင့် တိုင်းရင်းဘာသာသင် ဆရာများ (Language Teacher – LT)ခန့်အပ်ရေးအတွက် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရယူပြီးဖြစ်သည့်အတွက် ထည့်သွင်းထုတ်ပြန် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate)သည် အခြေခံပညာ အထက်တန်းဆင့် ပြီးဆုံးအောင် သင်ယူလေ့လာခဲ့သော ကျောင်းသားတစ်ဦးအား ချီးမြှင့်ပေးအပ်မည့် အထောက်အထား လက်မှတ်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြင့် တက္ကသိုလ် ဆက်လက် တက်ရောက်ခွင့်ကို ဆုံးဖြတ်နေ ခြင်းဖြစ်ကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်ချက်ကို ကြည့်မည်ဆိုပါက ၃ ပုံ ၁ ပုံ ဝန်းကျင်သာ စာမေးပွဲအောင်မြင်ပြီးကျန်တဲ့ ၃ ပုံ ၂ ပုံသောကျောင်းသားများသည် တက္ကသိုလ်ဆက်လက် တက်ရောက်ခွင့် မရဘဲ အခွင့်အလမ်း ဆုံးရှုံးနေသည်ကို တွေ့ရပါကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောကြားသည်။

“ ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမအောင်မြင်တဲ့ ကျောင်းသား တွေအတွက်လည်း အသက်မွေးဝမ်းကျောင်း သင်တန်းများနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်၊ လိုက်လျောညီထွေတဲ့ ကျွမ်းကျင်မှုတွေ ရရှိကာ လူမှုဘဝမြင့်မားလာရေးကို ဆောင်ရွက်ပေးနိုင်ရန် ၊ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစုဝင်ငွေ မြင့်မားလာကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ဒီလက်မှတ်ကို ပေးအပ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဆက်လက်သင်ယူနိုင်ရန်၊ လူတစ်ယောက်အနေနဲ့ ထားရှိအပ်တဲ့ “စံ” သတ်မှတ်ချက်တွေ ပြည့်မီအောင် ပိုမိုကြိုးစားလာနိုင်ရန် ၊ ကျောင်းသည် အရည်အသွေး အာမခံမှုရှိတဲ့ သင်ကြား/ သင်ယူရာ နေရာဖြစ်ပြီး အမျိုးသားပညာရေးစနစ် ရေရှည်ဖွံဖြိုးတိုးတက်ရန်လည်း ရည်ရွယ်တာဖြစ်ပါတယ်” ဟု ၎င်း ကဆက်လက် ပြောကြားသည်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေးနိုင်ရေးအတွက် ပညာရှင်များစွာဖြင့် အကြိမ်ကြိမ်စိစစ်ဆွေးနွေး တိုင်ပင်မှု များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)များ/ တွဲဖက်အထကများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ)များ၊ ကိုယ်ပိုင်ကျောင်း (စမ်းသပ်)များ အပါအဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

“ ကျောင်းအခြေပြု School Base အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတွေက လက်မှတ်ရေးထိုး ပေးအပ်သွားမှာဖြစ်ပါတယ်” ဟုဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့ရှိလေ့ကျင့်ရေး အထက်တန်းကျောင်းများ၊ တပ်မတော်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ) များသည် မိမိတို့ ကျောင်းတွင် အရည်အသွေးအာမခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကိုသာ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ ၊ ကိုယ်ပိုင် ကျောင်း (စမ်းသပ်)များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အရည်အသွေး စိစစ်ရေးအဖွဲ့ကို ကျောင်းများတွင် ဖွဲ့စည်းပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကို ပင်မကျောင်းများသို့ တင်ပြပြီး သက်ဆိုင်ရာ ပင်မကျောင်းများက အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ပေးသွားမည်ဖြစ်သည်။

အဆိုပါ လက်မှတ်ကို ကျောင်းများတွင် ဖွဲ့စည်းထားသော အရည်အသွေးစိစစ်ရေးအဖွဲ့က အကဲဖြတ် ပေးအပ်သွားမည်ဖြစ်သည်။ အဖွဲ့တွင် ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီးလက်ရှိတွင် ဒဿမတန်း(Grade 11)၏ အတန်းပိုင်များ၊ ဘာသာရပ်မှူး၊ ဘာသာပြ ဆရာများသည် အဖွဲ့ဝင် ၊အတန်းမှူးသည် အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို ကျောင်းခေါ်ကြိမ် ပြည့်မီခြင်း၊ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့် သတ်မှတ်ခြင်း၊ စာပေ၊ အနုပညာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုရေးပစ်ချက်ကင်း၍ ကျောင်းစည်းကမ်း လိုက်နာခြင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှုများ‌ ဆောင်ရွက်ခြင်း၊ ကျောင်းကောင်စီ အသင်းအဖွဲ့များနှင့် လူမှုရေး အသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် ကဏ္ဍ ၇ ရပ်ဖြင့် ထည့်သွင်းစဉ်းစား ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနအနေဖြင့် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းနောက် သတင်းမီဒီယာသမားများက အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည့် အခြေအနေ၊ အခြေခံပညာရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြန်လည်ရှင်းလင်းဖြေကြားသည်။

 



Bookmark the permalink.

Comments are closed.