စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Date : 30 August, 2019

2

Augu 30
ရန်ကုန် သြဂုတ် ၃၀
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စ‌ီ(KOICA)၊ ကိုရီးယားနိုင်ငံအခြေစိုက် Wholistic Interest Through Health(WITH) နှင့် မေတ္တာအလင်းအသင်းတို့၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အစိုးရ နည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် များဖွံဖြိုးတိုးတက်လာစေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ် များတွင် သင်ယူနိုင်မှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာသည်နှင့်အညီ တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေ ရန်ရည်ရွယ်၍ ဦးစီးဌာနမှ ဌာနအစီအစဉ်ဖြင့်သော်လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များဖြင့် ပူးပေါင်း၍ သော်လည်းကောင်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ စားသောက်ကုန်ထုတ်လုပ် ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို ပြည်တွင်းမှ စားသောက် ကုန်ထုတ် လုပ်သူများ၊ စီးပွားရေးလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းရှင်များထံမှ အကြံဉာဏ်များရယူပြီး စီးပွားရေး လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကိုးရီးယားတက္ကသိုလ်မှ ပညာ ရှင်များက ရေးဆွဲပြုစုခဲ့ကြပါကြောင်း။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည့် စားသောက်ကုန်ထုတ်လုပ် ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများဖြစ်သည့် ပေါင်မုန့်နှင့်ကိတ်မုန့်ဖုတ် သင်တန်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်း အစားအစာ အချက်အပြုတ်သင်တန်း၊ ကော်ဖီနှင့်ဖျော်ရည်သင်တန်းများသည် ဦးစီးဌာနအနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စတင်ပူးပေါင်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ သည့် သက်မွေးပညာသင်တန်းများဖြစ်ပြီး ယခုသင်တန်းဆင်းပွဲသည် ဒုတိယအကြိမ်မြောက် ပူးပေါင်းဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့သည့် သက်မွေးပညာသင်တန်းများ ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်များရှိ ကျွမ်းကျင်ပညာရှင် များထံမှ ကောင်းမွန်သည့် သင်ခန်းစာများ၊ သင်ကြားပေးရန် လိုအပ်သည့် အကြောင်းအရာများ၊ အကြံဉာဏ်များဖြင့် သင်ရိုးညွှန်းတမ်းများအား ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် တက်ရောက်သင်ယူပြီးခဲ့ကြသည့် သင်တန်းသားများအတွက် အလုပ်အကိုင်ရှာဖွေခြင်း၊ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ရန် ရည်ရွယ်၍ စားသောက်ကုန်ထုတ် လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း (F & BVT)အား လုပ်ငန်းရှင်များနှင့် မိတ်ဆက်ပေးခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၉) ရက်နေ့တွင် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်ဟု သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာသက်မွေး ပညာသင်တန်းအပတ်စဉ်(၂)တွင် ပေါင်မုန့်နှင့်ကိတ်မုန့်ဖုတ် သင်တန်းသား(၁၈)ဦး၊ အနောက်တိုင်းနှင့် အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းသား (၁၉)ဦးနှင့် ကော်ဖီနှင့် ဖျော်ရည်သင်တန်းသား(၁၇)ဦးစီ စုစုပေါင်း(၅၄)ဦး တက်ရောက် သင်ကြားပြီးစီးခဲ့ပြီး သင်တန်းကာလအနေဖြင့် သီအိုရီနှင့် လက်တွေ့အတွက် (၃)လနှင့် လုပ်ငန်းခွင်လက်တွေ့(၁)လ စုစုပေါင်း(၄)လကြာမြင့်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတတ်လာစေရန် တစ်နိုင်ငံ လုံးတွင် အစိုးရနည်းပညာကောလိပ်(၃)ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(၂၂)ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (၃၅)ကျောင်းနှင့် သက်မွေးပညာသင်ကျောင်း(၅)ကျောင်း၊ စုစုပေါင်း(၆၅) ကျောင်းတွင် ပုံမှန်သင်တန်းများအပြင် ဒေသ လိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေးပညာရပ်များကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် သက်မွေးပညာ သင်တန်းများကို ဆက်လက်တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် Swiss contact နှင့်ပူးပေါင်းပြီး cook apprenticeship သင်တန်းကို တိုးချဲ့ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင်လည်း Swiss contact နှင့်ပူးပေါင်းပြီး အချက်အပြုတ် သင်တန်းနှင့် စိုက်ပျိုးရေးသုံး စက်ကိရိယာများ ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်းများကို apprenticeship ပုံစံမျိုးနဲ့ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။
နည်းပညာနှင့်သက်မွေးပညာရေးကို ပထမဦးစားပေး လုပ်ငန်းအဖြစ်သတ်မှတ်ပြီး ပထမတန်းစား ပညာရေးဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာ သင်တန်းများသည် စာတွေ့၊ လက်တွေ့သင်ကြားမှုများအပြင် လုပ်ငန်းခွင် လက်တွေ့ပြုလုပ်ရမည့်အပိုင်းများလည်း ပါဝင်သည့်အတွက် လုပ်ငန်းခွင် လက်တွေ့ပြုလုပ်ခြင်းများတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မှာ ဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် လုပ်ငန်းခွင်အတွေ့အကြုံကို အမှန်တကယ် ရရှိစေမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ယူရရှိခဲ့သည့် အသိ ပညာ၊ ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို အသုံးချပြီး ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများ၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းများ ကိုလည်း လုပ်ကိုင်နိုင်ကြမည်ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် နည်းပညာနှင့် သက်မွေးပညာရပ်သည် အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်လာနေပြီ ဖြစ်သည့်အတွက် Artificial Intelligence(AI) နှင့် Internet of Things(IOT)နည်းပညာတို့နှင့်ချိတ်ဆက် ပေါင်းစပ်ပြီး သင်ကြားလေ့ကျင့်ခြင်းဖြင့် ဝင်ငွေကောင်းမွန်စေသည့် အခွင့်အလမ်းများ ရရှိနိုင်ရန် အရေးကြီးပါကြောင်း၊ ပြည်တွင်းတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာနှင့်လည်း ကြုံတွေ့နေရသလို တစ်ဖက် တွင်လည်း ဝင်ငွေကောင်းမွန်သော အလုပ်အကိုင်ရှားပါးသည့်ကိစ္စများလည်း တွေ့ကြုံနေရပါကြောင်း၊ ကာလတို သက်မွေးပညာသင်တန်းများအနေဖြင့် အလုပ်အကိုင်အသီးသီးကို လုံလောက်တဲ့ အသိပညာခံယူ ချက်နှင့် အရည်အချင်းပြည့်ဝဖို့ သင်ကြားလေ့ကျင့်ပေးတာဖြစ်ပြီး၊ သက်မွေးပညာရပ် ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ကျွမ်းကျင်သည့် လုပ်သားဈေးကွက်ကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ)တွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)၊ ကိုရီးယားနိုင်ငံအခြေစိုက်၊ Wholistic Interest Through Health (WITH)တို့နှင့်ပူးပေါင်းဖွင့် လှစ်ခဲ့သည့် စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများကို ဦးစီးဌာနအနေဖြင့် MoU သက်တမ်းကာလ(၃)နှစ်အပြီးတွင်လည်း စဉ်ဆက်မပြတ်ဖွင့် လှစ်သွားနိုင်ရန် ဆက်လက်အကောင်အထည် ဖော်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စ‌ီ(KOICA)မှ Chief Representative Ms. LEE Younsoo နှင့် ကိုရီးယားနိုင်ငံအခြေစိုက် Wholistic Interest Through Health (WITH) Country Director Mr.Yang Heesun တို့က အမှာစကားပြောကြားပြီး မေတ္တာအလင်းအသင်းမှ ဥက္ကဋ္ဌ ဦးကောင်းစံက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ကြရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.