Study in Japan Fair 2019 အခမ်းအနားကျင်းပ


Date : 31 August, 2019

21

Augu 31
ရန်ကုန် သြဂုတ် ၃၁
ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ကျောင်းသားဟောင်းများအသင်း(MAJA)၊ Okayamaတက္ကသိုလ်၊ ဂျပန်နိုင်ငံ၏ အမျိုးသားတက္ကသိုလ် (၆)ကျောင်းအစုအဖွဲ့၊ Japan Student Services Organization (JASSO) နှင့် Mitsubishi Cooperation တို့ပူးပေါင်းကျင်းပသည့် “Study in Japan Fair 2019” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ Okayama University မှ Vice President ဖြစ်သူ Dr.Kunio Kimura က နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်း ဆက်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် ယနေ့ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုသည် အလွတ်ကျက်မှတ် သည့်အကျင့်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမေးပွဲရမှတ်များများရရှိရန် သင်ယူခြင်း မျိုးမဟုတ်ဘဲ နက်နက်နဲနဲသင်ယူပြီးရင်း သင်ယူနေသည့် တစ်သက်တာ သင်ယူခြင်းကိုအားပေးလျက် ရှိပါကြောင်း၊ ၂၁ ရာစုသည် နည်းပညာခေတ်ဖြစ်သည့်အတွက် Artificial Intelligent-AI, IoT, Big data နည်းပညာများသည် အရေးကြီးပါကြောင်း၊ အရေးအကြီးဆုံး အရည်အသွေးများဖြစ်သည့် ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ဗဟုသုတ၊ အရည်အသွေးနှင့် ကောင်းမွန်သော သဘောထားအမြင်များရှိရန်လည်း လိုအပ်သဖြင့် ဂျပန်နိုင်ငံ၏အဆင့်မြင့် ပညာရေးနှင့် နည်းပညာ သင်ယူမှုအခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်ပါကြောင်း။
ယနေ့အခမ်းအနားတွင် ဂျပန်နိုင်ငံမှ တက္ကသိုလ်များ၊ ဂျပန်ဘာသာစကား သင်တန်းကျောင်းများ၊ ပညာတော်သင်ဆုနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းနှင့် အခြားသော အဖွဲ့အစည်းများ ပါဝင်သော စုစုပေါင်း တက္ကသိုလ် အဖွဲ့အစည်းပေါင်း ၄၀ ခန့် ပါဝင်ပါကြောင်း၊ ယနေ့ရရှိသည့် အခွင့်အရေးကို ရယူလျက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ဆရာ ဆရာမများအား ဂျပန်နိုင်ငံမှာ ဂျပန် ဘာသာစကားသင်တန်း၊ မဟာတန်း၊ ပါရဂူတန်းများ၊ သင်တန်းများ တက်ရောက်ရန်၊ လေ့လာရေး ခရီးစဉ်များ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် ညီလာခံများ တက်ရောက်ရန်အတွက် ပညာသင်ဆုများ ပေးအပ်ခြင်းအတွက် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုအထူး ကျေးဇူး တင်ရှိပါကြောင်း။
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ဝန်ထမ်းများသည် ဂျပန် အထောက်အပံ့အကူအညီ (JDS) အစီအစဉ်ဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာ သင်ဆုစီမံကိန်း အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံတွင် သင်တန်းအသီးသီးကို တက်ရောက်လျက်ရှိကြပါကြောင်း၊ ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့် JICA CREATE စီမံကိန်းအရ အခြေခံပညာကဏ္ဍမှာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးအတွက် JICA ၏ ကြီးမားသည့် အထောက်အပံ့ ရရှိခြင်းအတွက်ကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသို့ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်း (CESR)၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP)၊ ရေကြီးရေလျှံခံရသော ကျောင်းများ ပြန်လည်တည်ဆောက်ရေး၊ STEM Project၊ အင်ဂျင်နီယာဘွဲ့ သင်တန်းများအတွက် နည်းပညာအားဖြင့်လည်းကောင်း၊ ငွေကြေးအား ဖြင့်လည်းကောင်း ထောက်ပံ့ပေးခြင်းအတွက် JICA အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ဂျပန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr.Ichiro Maruyama က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.