ပညာရေးဝန်ကြီးဌာန အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်းတည်ထောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 3 September, 2019

2

sept 3

နေပြည်တော် စက်တင်ဘာ ၃
ပညာရေးဝန်ကြီးဌာနအစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် သီးခြားပညာရေးရုပ်မြင် သံကြားလိုင်း တစ်လိုင်းရရှိရန် လွှတ်တော်သို့ တင်ပြလျှောက်ထားခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အစိုးရ၏ ပညာရေးရုပ်မြင် သံကြားလိုင်း သီးခြားထုတ်လွှင့်ရန် ပြည်သှူလွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ အစိုးရ၏ပညာရေး ရုပ်မြင်သံကြားလိုင်း သီးခြားထုတ်လွှင့်နိုင်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နယ်စပ်ဒေသရှိ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူမကျန် ပညာရေးနှင့် ပတ်သက်သည့် မှန်ကန် သောသင်ကြားသင်ယူမှုစွမ်းရည်များနှင့် သတင်းအချက်အလက်များ သိရှိနိုင်မည် ဖြစ်ပါကြောင်း။
အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်နိုင်ရန်စီစဉ်
ပညာရေးဝန်ကြီးဌာန၏ လမ်းòန်ချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ ပညာရေး၊ ပညာပေး အစီအစဉ်များ၊ သိသင့်သိထိုက်သည့် သတင်း အချက်အလက်များအား မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုများ ပိုမိုသိရှိနိုင်ရန် အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးကို မတက်ရောက်နိုင်သေးသော ကလေးများ၊ ကျောင်းပညာရေး တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ရသည့်ကလေးများ၊ လူငယ်လူကြီးများ၏ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအပြင် ပညာရေး၊ ပညာပေး အစီအစဉ်များအား ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသခြင်း၊ ရေဒီယိုမှ သင်ခန်းစာများ ထုတ်လွှင့်ပေးခြင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အစိုးရ၏ပညာရေးရုပ်မြင်သံကြားလိုင်းတွင် အခြေခံ၊ အဆင့်မြင့်၊ သက်မွေးပညာရေးစသည့် ကျောင်းတွင်းပညာရေး အစီအစဉ်များ၊ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေး၊ ဝင်ငွေတိုးပွားရေး စသည့်ပညာရေး အစီအစဉ်များ၊ မှတ်တမ်းတို၊ ဇာတ်လမ်းတိုစသည့် ပညာပေးအစီအစဉ်များ၊ ပညာရေးမြှင့်တင်ရေး တေးသီချင်းများ၊ ပညာရေးလှုပ်ရှားမှုများနှင့် သတင်းများ၊ ပညာရေး စကားဝိုင်းများ၊ ပညာရေး သိကောင်းစရာများ၊ ယဉ်ကျေးလိမ္မာ အစီအစဉ်များနှင့် အင်္ဂလိပ်ဘာသာ စကားအစီအစဉ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ အပတ်စဉ် ကျောင်းချိန်အတွင်း ထုတ်လွှင့် နိုင်ရန် လျာထားပါကြောင်း။
ဝေးလံခေါင်းပါးသောဒေသများထံ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်မည်
ယခုလို အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်းတစ်လိုင်း သီးခြားထုတ်လွှင့်န်ိုင် ခြင်းဖြင့် မိဘပြည်သူ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံး ငွေကုန်သက်သာပြီး သင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်၀သည့် ဆရာရှားပါးသည့်ဒေသများ၊ သင်ထောက်ကူပစ္စည်း လုံလောက်စွာ မရှိသေးသည့် ဝေးလံခေါင်းပါးသော ဒေသများထံ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်မည့်အပြင် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေး လှုပ်ရှားမှု၊ ပညာရေး ပညာပေးအစီအစဉ်များ၊ အသိပညာပေး အစီအစဉ်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသ နိုင်တော့မည် ဖြစ်သဖြင့် အလွန်ထိရောက်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း။
အစိုးရ၏ ပညာရေးရုပ်သံလိုင်းတစ်လိုင်း ထုတ်လွှင့်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း တည်ထောင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း ထုတ်လွှင့် ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.