ပညာရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် မြန်မာ-ဗြိတိန် ပညာရေးပူးပေါင်း ဆောင်ရွက်မှု ပထမအကြိမ် ဦးစီးကော်မတီ အစည်းအဝေး ကျင်းပ


Date : 3 October, 2019

1

Oct 3-1

နေပြည်တော် အောက်တိုဘာ ၃
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ-ဗြိတိန်ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး (Myanmar-UK Partnership for Education) အစီအစဉ်၏ ပထမအကြိမ် ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန(DFID)နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည့် Myanmar-UK Partnership for Education (MUPE) ပညာရေး လုပ်ငန်းစဉ်များအတွက် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ သင်ကြားရေး ဆရာဆရာမများ၏ အင်္ဂလိပ်စာ အရည်အသွေးကောင်းမွန်ရေးအတွက် ဆောင်ရွက်သည့် Towards Results in Education and English(TREE) စီမံချက်၊ Assessment and Education Reform Support (AERS) စီမံချက်၊ Evaluation, Evidence and Learning Component (EELC) စီမံချက်များသည် (၅)နှစ် စီမံချက်များ ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် ပညာရေးကဏ္ဍအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးမည့် အစီအစဉ်များ ဖြစ်ပါကြောင်း။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ဆရာအတတ်ပညာနှင့် စီမံခန့်ခွဲမှု ကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးမြှင့် တင်ရေးအတွက် အထောက်အကူပြုမည့် Strengthening Pre-Service Teacher Education in Myanmar(STEM) စီမံကိန်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် DFID နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ Learning Together Project ကိုလည်း ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် ၊ MUPE အစီအစဉ်သည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ DFID အပြင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သော British Council, Oxford Policy Management, IMC Worldwide, UNESCO, UNICEF နှင့် Myanmar Education Consortium တို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) မှ Ms. Becky Richards က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများက လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် Myanmar-UK Partnership for Education (MUPE) မှ တာဝန်ရှိသူများက ပညာရေးကဏ္ဍ အသီးသီးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.