၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ


Date : 5 October, 2019

6

Oct 5
နေပြည်တော် အောက်တိုဘာ ၅
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ပ ညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားအား နေပြည်တော်၊ အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများက “ဆရာရဲ့ ကရုဏာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အောက်တိုဘာ(၅) ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာများကိုဂုဏ်ပြုသည့် ကမ္ဘာဆရာများနေ့ဖြစ်ပါကြောင်း၊
ယခုနှစ်ဆောင်ပုဒ်သည် “လူငယ်ဆရာများခန့်ထားလို့ အနာဂတ်စွမ်းဆောင်ရည်မြှင့်တင်စို့”ဟူ၍ ဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင် တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်ဆရာဆရာမ အင်အားစုများအဖြစ် ပြုစုပျိုးထောင် မွေးထုတ်ပေးရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကာလတွင် ကျောင်းသားများ၏ဘဝကို ထိန်းကျောင်းပေးရသည့် ဆရာများသည် ပို၍တာဝန်များပြား လာပါကြောင်း၊ တန်ဖိုးရှိသောဆရာများသည် ကျောင်းသားများ၏ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် သင်ကြားသင်ယူမှု လုပ်ငန်းများအားခွဲခြားမှုမရှိဘဲဆောင်ရွက်ပေးနေကြသည်မှာ လွန်စွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။
၂၀၁၉ခုနှစ် ကမ္ဘာ့ဆရာများနေ့အား ကမ္ဘာတစ်ဝန်းကျင်းပကြရာတွင် အထိမ်းအမှတ်ပွဲများ သာမက ပညာရေးကဏ္ဍ၏ အောင်မြင်မှုများအား ခြုံငုံသုံးသပ်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသော လူငယ်များအား ပညာရေး နယ်ပယ်ကအားကိုးရသည့် ဆရာဆရာမများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးသုံးသပ်ကြပါကြောင်း၊ အနာဂတ်ကမ္ဘာတွင် ဆရာ ဆရာမများကြုံတွေ့ လာရမည့် သင်ယူမှုသင်ကြားမှု နည်းစနစ် မတူကွဲပြားခြင်း၏ စိန်ခေါ်မှုများ အတွက်လည်း ပြင်ဆင်ပေးထားရန် လိုအပ်လျက်ရှိရာ လူငယ် ဆရာဆရာမများ၏ အားထုတ်မှု ပိုမိုလိုအပ် လာပါကြောင်း၊ မျက်မှောက်ခေတ် ၂၁ရာစုတွင် Automation Technology, AI, IOT, Big Data စသည့်နည်းပညာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့်အတွက် ခေတ်နှင့်လိုက်လျောညီထွေသည့် အတွေးအမြင်သစ်ဖြင့် တီထွင် ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်လူရွယ်များ ဆရာအလုပ်ကို ဝင်ရောက်ဆောင်ရွက်လာကြသည်ကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွေ့ရှိနေရပါကြောင်း၊ အနာဂတ်ကာလတွင် ကြုံတွေ့လာရမည့် ဆရာဆရာမဦးရေလျော့ပါးလာခြင်း၊ စာသင်ကျောင်းများတွင် ဆရာဆရာမ မလုံလောက်ခြင်း၊ နည်းပညာအသစ်နှင့် သင်ကြားသင်ယူမှုနည်း စနစ်အသစ်များအား ရင်ဆိုင်ရခြင်းစသည့် စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်မည့် မျိုးဆက်သစ် လူငယ်ဆရာဆရာမများ၏ စွမ်းအားစုကို အသုံးပြုနိုင်ရေးသည် နိုင်ငံတော်၏ လိုလားချက်ဖြစ်ပါကြောင်း၊ ခေတ်နှင့်လိုက်လျောညီထွေ အမီလိုက်နိုင်မည့် လူငယ် ဆရာဆရာမများကို အားကိုးအားထား ပြုရမည်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလိုပြီး စိတ်အားထက်သန်သည့် လူငယ်လူရွယ်များ၏ အင်အားစုကို ဆရာဆရာမများအဖြစ် ပြောင်းလဲနိုင်မည် ဆိုပါက ပညာရေးကဏ္ဍအတွက် ခွန်အားများ တိုးပွားလာမည် ဖြစ်ပါကြောင်း၊
ကမ္ဘာ့ဆရာများနေ့၏ ရည်ရွယ်ချက်အတိုင်း နေရာဒေသအသီးသီးတွင် ပညာရေးတိုးတက်မြင့်မားရေး ဆောင်ရွက်နေသည့် ဆရာများ၏စွမ်းဆောင်ရည်အား နိုင်ငံတော်ကအသိအမှတ်ပြု၍ ယခုလိုအခမ်းအနားများဖြင့် ဂုဏ်ပြုကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယနေ့ချိန်ခါတွင် နိုင်ငံတော်၏ အရည်အသွေးရှိသော ပညာရေးအတွက် နှစ်ပေါင်းများစွာ အခက်အခဲများ၊ လိုအပ်ချက်များ ရှိနေပါကြောင်း၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် လူငယ်လူရွယ်ဆရာများအား ခန့်ထား တာဝန်ပေးအပ်ပြီး သူတို့၏ခွန်အား စွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်၏ပညာရေးကို မြှင့်တင်ပေးရမည့် အချိန်လည်း ဖြစ်ပါကြောင်း၊ လူငယ်ဆရာများ ခန့်ထားလို့ အနာဂတ်စွမ်းဆောင်ရည် မြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ လူငယ်ဆရာများနှင့် ပညာရေးအား မြှင့်တင်ပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်၊ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသပြီးဆရာများအဖွဲ့ချုပ် အသီးသီး၏ကိုယ်စားလှယ်များက သဝဏ်လွှာများကို ဖတ်ကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမှ ကျောင်းသား ကျောင်းသူလေး များက အသီးတရာအညှာတစ်ခု သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး များ၏ဆောင်ရွက်မှု မှတ်တမ်းအကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးနှင့် တိုင်းရင်း သားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုရရှိသောဆရာများနှင့် အခြေခံပညာကျောင်းများတွင် ၂၀၁၉ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်မှု မှတ်တမ်းဆုရ ဆရာများအား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းတက်ရက် မပျက်သော ဆရာများနှင့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာဆုရ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပန်းပျိုးလက်” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကာ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာဆရာများနေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဆရာကြီး၊ ဆရာမကြီးများ(၁၂)ဦး၊ နိုင်ငံတ ကာပြိုင်ပွဲများတွင် ဆုရရှိသော ဆရာ(၃)ဦး၊ အခြေခံပညာကျောင်းများတွင် ၂၀၁၉ ခုနှစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်မှု မှတ်တမ်းဆုရ ဆရာ(၁)ဦး၊ ကျောင်းတက်ရက် မပျက် ဆုရဆရာမ(၅)ဦး၊ ၂၀၁၉ ခုနှစ်၊ကမ္ဘာဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရဆရာဆရာမ၊ ကျောင်းသားကျောင်းသူ (၃၂)ဦးတို့အားဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.