ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အစည်းအဝေးကျင်းပ


Date : 4 October, 2019

4

Oct 4

နေပြည်တော် အောက်တိုဘာ ၄
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်များရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အချိန်ယူဆောင်ရွက်ရ
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာန၌ အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော် ကြီးသင်ကျောင်းများစသည်ဖြင့် အခြေခံပညာ ကျောင်း ၅၀၀၀၀ ခန့်ရှိပြီး အခြေခံပညာ ကျောင်းသား ကျောင်းသူ ၉ ဒသမ ၇ သန်း ကျော်ရှိပါကြောင်း၊ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် နှစ်စဉ်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ပေးခြင်း၊ ဖြန့်ဝေ ပေးခြင်းကို ပူးပေါင်းဆောင်ရွက်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များကို ကျေးဇူးတင်ရှိပါကြောင်း။
လာမည့်ပညာသင်နှစ်တွင် သင်ရိုးအသစ် ပါ အတန်းများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ဆရာကိုင်စာအုပ်များပြုစုခြင်း လုပ်ငန်းများကို အချိန်မီပြီးစီးစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့သင်ရိုး သစ်များပြုစုရေးဆွဲရာတွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရန် ဆောင်ရွက်ရသည့်အတွက် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ သို့သော် သင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်များ ရေးဆွဲမှု နောက်ကျပါက ပုံနှိပ်မှုလုပ်ငန်းများ၊ ဖြန့်ဝေမှု လုပ်ငန်းများ နှောင့်နှေးနိုင်သည့်အတွက် အချိန်မီပြီးစီးနိုင်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ရေကြီးရေလျှံမှုများကဲ့သို့ သဘာဝ ဘေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသုံးစာအုပ်များ ထပ်မံလိုအပ်လာပါက အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်ဖြန့်ချိ ရာတွင် တစ်နှစ်ထက်တစ်နှစ် အရည်အသွေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အတူတကွကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြား ရေးဝန်ကြီးဌာန၏ တာဝန်သုံးရပ်ကို အများ သိရှိထားသည်မှာ ပြန်ကြားပေးရန်၊ ဖျော်ဖြေ ပေးရန်၊ ပညာပေးရန်ဆိုသည့် တာဝန်များ ဖြစ်ပါကြောင်း၊ မှတ်တမ်းတင်မခံရသော်လည်း ကြီးမားသည့် တာဝန်တစ်ရပ်မှာ တစ်နိုင်ငံလုံးရှိ ကျောင်းများအတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေး ဝန်ကြီးဌာနအတွက် ကျောင်းသုံးစာအုပ်များကို ရိုက်နှိပ်လာခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ကျောင်းသား အရေအတွက်၊ အတန်း၊ ဘာသာရပ်များ များပြားလာပြီး ရိုက်နှိပ်ရသည့် ပမာဏများပြား လာသည့်အတွက် ပြင်ပပုဂ္ဂလိကသို့ အပ်နှံ ရသည့် ပမာဏလည်း များပြားလာသည်ကို တွေ့ရပါကြောင်း၊ ယခင်နှစ်က ပြင်ပတွင် ၆၉ သန်း ရိုက်နှိပ်ခဲ့ရပြီး ယခုနှစ်တွင် ၇၇ သန်း ခန့်မှန်းထားပါကြောင်း၊ မိမိတို့ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်း၊ ထုတ်လုပ် ခြင်း၊ ထုပ်ပိုးခြင်းတို့တွင် အရည်အသွေး ကောင်းမွန်ရန်နှင့် တစ်နိုင်ငံလုံးရှိ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများထံ အချိန်မီရောက်ရှိရန် အဓိကထားဆောင်ရွက် ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံ၊ အခက်အခဲများအပေါ် သုံးသပ် ၍ ယခုနှစ်တွင်လည်း မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
အချိန်မီရောက်ရှိရန် ဆောင်ရွက်
အလားတူ ကျောင်းသုံးစာအုပ်များ ဖြန့်ချိ ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပုံနှိပ်ပြီး ကျောင်းသုံးစာအုပ် များကို ကျောင်းသား ကျောင်းသူများထံ အချိန်မီရောက်ရှိရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့ သည့်နှစ်များက ပုံနှိပ်ရေးနှင့် ဖြန့်ချိရေး လုပ်ငန်းပါ တွဲ၍စာချုပ်ချုပ်ဆိုခဲ့သည့် အလေ့ အထရှိပါကြောင်း၊ ပြဋ္ဌာန်းစာအုပ်များကို ပုံနှိပ်စက်များမှ သတ်မှတ်ထားသည့် ခရိုင်ရုံး များအထိ ရောက်ပြီး သတ်မှတ်ထားသည့် အရည်အသွေးပြည့်၊ မပြည့် စိစစ်လက်ခံခဲ့ပါ ကြောင်း၊ ယခုနှစ်တွင် မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အရေအတွက်အလိုက် ထုတ်ပေးခဲ့ ပါကြောင်း၊ ထိုလုပ်ငန်းများကို ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်လုပ်ငန်းရှင်များနှင့် မိမိတို့ အခြေခံပညာဦးစီးဌာနတို့ ပေါင်းစပ်ဆောင်ရွက် ခဲ့သည့်အတွက် ချောချောမွေ့မွေ့ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ နောင်ကိုလည်း ဆက်လက် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ၊ ကော်မတီအတွင်း ရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ် အချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက် လာကြသူများက အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေဖြန့်ဖြူး ပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
သတင်းစဉ်



Bookmark the permalink.

Comments are closed.