ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ သီးခြားရာထူးတိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Date : 9 October, 2019

4

Oct 9
နေပြည်တော် အောက်တိုဘာ၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့်တက္ကသိုလ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရာထူးတိုး/ ပြောင်းစသည်များ ဆောင်ရွက်ရာတွင်၊ ဘက်မလိုက်ဘဲ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲရေး အရည်အချင်းကောင်းမွန်သူ၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းသူ၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသူ၊ ကျောင်းသား၊ဆရာများ၏ အရေးကိစ္စများ ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်စွမ်းရှိသူ ဆရာဆရာမများကို အားပေးဆောင်ရွက် စေလိုပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် သုတေသနနှင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးဘက်တွင်သာမက စီမံခန့်ခွဲရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက် တတ်သူများဖြစ်အောင် လေ့ကျင့်ပေးကြရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ကျောင်းသား ကျောင်းသူများအား လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေမည့် ကျွမ်းကျင်မှုများရရှိအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းများကိုလည်း အကျိုးရှိ ထိရောက်စွာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုပါကြောင်း၊ ပညာရေးတွင် လိုအပ်ချက်များ၊ အခက်အခဲများ၊ မပြည့်စုံမှုများရှိနေသဖြင့် ဖြစ်ချင်တာနှင့် လုပ်ချင်တာကို လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ လုပ်ဆောင်မိပါက အခက်အခဲ ကြုံရတတ်သည်ကို သတိပြုစေလိုပါကြောင်း၊
တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများ သင်ယူတတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် စာသင်ခန်းအတွင်းမှ ဆရာဆရာမများ၏ အခက်ခဲများ၊ မပြည့်စုံမှုများကို ပံ့ပိုးကူညီရန် အလေးထား ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ဘာသာရပ် အရည်အသွေး ပိုမိုကောင်းမွန်ရေး၊ အထူးပြုဘာသာရပ် နယ်ပယ်နှင့် လုပ်ငန်းခွင်တွင် လိုက်လျောညီထွေရှိရေး၊ အသုံးချသုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားပညာ သင်စေလွှတ်ပေးနိုင်ရေး တို့ကို ပံ့ပိုးဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပညာရေးကဏ္ဍအားလုံး၏ အခက်အခဲသည် ပညာရေးဝန်ကြီးဌာန၏ အခက်အခဲများ ဖြစ်ပါကြောင်း၊ ထိုအခက်ခဲများကို စုပေါင်းအင်အားဖြင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးအတွက် အရေးကြီးပါကြောင်း၊ ယနေ့ချိန်ခါတွင် နိုင်ငံ၏ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ ကျောင်းသားကျောင်းသူများအားလုံး သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေး အထူးအားစိုက် ကြိုးပမ်းဆောင်ရွက် ပေးစေလိုပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြသည်။

ယင်းနောက် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး အစည်းအဝေးအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပ ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.