ပညာရေးစီမံခန့်ခွဲမှုဒီပလိုမာ ဘွဲ့လွန်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 10 October, 2019

9

Oct 10

နေပြည်တော် အောက်တိုဘာ ၁၀

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှုဒီပလိုမာ ဘွဲ့လွန်သင်တန်း (Postgraduate Diploma in Education Management – DEM)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်မှု အရည်အသွေး မြှင့်တင်ရေးကိုလည်း ဉီးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို နေပြည်တော်တွင် ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ပူးပေါင်း၍ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (Capacity Development Fund – CDF) ဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုသင်တန်း၊ ICT ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း စသည်တို့ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများအား သင်ယူမှုအခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရာထမ်းများအတွက် Governance and Management Seminars များကို ပြုလုပ်ပြီး သင်တန်းသား(၇၅)ဉီးကိုလည်းကောင်း၊ Critical Thinking, Applied English and Microsoft Office သင်တန်း(၄)ကြိမ်တွင် သင်တန်းသား(၃၀၀)ဉီးကိုလည်းကောင်း သင်ယူခွွင့် ပေးနိုင်ခဲ့ရာ လက်တွေ့နယ်ပယ်တွင် အသုံးချ၍ စီမံခန့်ခွဲမှု လုပ်ငန်းများ ကိုပိုမိုကောင်းမွန်စွာ ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဖွင့်လှစ်မည့် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်းကို လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့နှင့် ပူးပေါင်း၍ University College of London-Institute of Education (UCL-IOE)မှ နည်းပညာပံ့ပိုးမှုရယူကာ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် ပထမဆုံးဘွဲ့လွန်ဒီပလိုမာ သင်တန်းဖြစ်ပြီး ပညာရေးစီမံခန့်ခွဲသူများ သိရှိရန်လိုအပ်သည့် နိုင်ငံတကာအဆင့်မီ ဘာသာရပ်များကို သင်ကြားပို့ချပေးသည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်း၊ သင်ယူတတ်မြောက်စေရန် ပို့ချပေးမည့် ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက် လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခု သင်တန်းတက်ရောက်မည့် အရာထမ်းဝန်ထမ်းများအနေဖြင့် မိမိတို့အတွက် အကျိုးရှိထိရောက် စေမည့် အရည်အသွေးများကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းများ စဉ်ဆက်မပြတ်အောင်မြင်စွာ ဆက်လက်ဖွင့်လှစ်သွားနိုင်ရေး အတွက်လည်း အားလုံးပူးပေါင်းပါဝင ်ဆောင်ရွက်ပေး ရန်တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒိန်းမတ်သံရုံးမှ Deputy Head of Mission, Ms. Hanne Carus, အမှာစကားပြောကြားပါသည်။ ထို့နောက် သင်တန်းတာဝန်ခံ ရန်ကုန်ပညာရေး တက္ကသိုလ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာခင်မာနီက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။
ယနေ့အခမ်းအနားသို့ ဒိန်းမတ်သံရုံးမှ Deputy Head of Mission, Ms. Hanne Carus, ပညာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ယူတတ်မြောက်စေရန် ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာမများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ယခုဖွင့်လှစ်သည့် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်းသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများနှင့် နေပြည်တော်ကောင်စီ နယ်မြေမှ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများအပါအဝင် စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၅၀)ဦးတက်ရောက်ကြပြီး ၂၀၂၀ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်ကြာ စာတွေ့၊ လက်တွေ့ သင်ယူရမည်ဖြစ်ကြောင်းသတင်းရရှိသည်။\



Bookmark the permalink.

Comments are closed.