ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အခြေခံ ပညာကျောင်းများတွင် Teaching Assistant နှင့် Language Teacher ခန့်ထားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်


Date : 4 November, 2019

1

Nov 4

နေပြည်တော် နိုဝင်ဘာ ၄
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နေ့စားလပေးဆရာ ဆရာမ Teaching Assistant နှင့် Language Teacher ခန့်ထားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား ဘာသာစာပေ သာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက် အကူပြု ဆရာဆရာမများဖြစ်ကြသည့် Teaching Assistant နှင့် တိုင်းရင်းသား ဘာသာသင် Language Teacher များခန့်ထားမှုများ နှင့်စပ်လျဉ်း၍ အားနည်းချက် အားသာချက်များကို ပြန်လည် သုံးသပ်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တက်ရောက် လာကြသူများအနေဖြင့် ဒေသတစ်ခုနှင့် တစ်ခု အတွေ့အကြုံများကို ဖလှယ်၍ အားနည်း ချက်များ၊ အားသာချက်များကို စုပေါင်းအဖြေရှာပြီး ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် အခြေခံပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်တို့က Teaching Assistant နှင့် Language Teacher များ ခန့်ထားမှု နှင့်စပ်လျည်း၍ ရှင်းလင်း ပြောကြားကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Teaching Assistant နှင့် Language Teacher များ ခန့်ထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အကြံပြုဆွေးနွေး တင်ပြကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးသည်။



Bookmark the permalink.

Comments are closed.