ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၁၉)ကြိမ်မြောက် သုတေသနညီလာခံ ဆုပေးပွဲ အခမ်းအနားတက်ရောက်


Date : 7 November, 2019

3

Nov 7
ရန်ကုန် နိုဝင်ဘာ ၇
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၉)ကြိမ်မြောက် သုတေသန ညီလာခံ ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့ (၁၉)ကြိမ်မြောက် သုတေသန ညီလာခံတွင် အထူးပြုဘာသာရပ်(၃၂)ခုတွင် ဆရာ ဆရာမ များ၊ ပညာရှင်များက သုတေသနစာတမ်းစုစုပေါင်း (၁၀၄၄)စောင်ကို တင်ပြဆွေးနွေး အကဲဖြတ်ခဲ့ကြပါကြောင်း၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၁၆ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၂)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၁၉၅)စောင်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၆)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၃၀၇)စောင် ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အထူးပြုဘာသာရပ်(၂၅)ခုတွင် သုတေသနစာတမ်း စုစုပေါင်း (၄၅၅)စောင် ကိုလည်းကောင်း တင်ပြဆွေးနွေး အကဲဖြတ်ခဲ့ကြပြီး နိုင်ငံတကာ အသိအမှတ်ပြု သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ခဲ့ ပါကြောင်း။
ယခုနှစ်၌ အထူးပြုဘာသာရပ် အားလုံးတွင် သုတေသနစာတမ်း (၁၀၄၄)စောင်အထိ တိုးတက်များပြားလာပြီး အရည်အသွေးရှိသော သုတေသနစာတမ်းများကို နိုင်ငံတကာ အသိအမှတ်ပြု သုတေသန ဂျာနယ်များကို ထုတ်ဝေနိုင်တော့မည်ဖြစ်သည့်အတွက် သုတေသန ညီလာခံ ဖြစ်မြောက်ရေး ဦးစီးဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်များအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အရည်အသွေးရှိသော အသုံးချသုတေသန စာတမ်းများပြုစုပြီး တင်ပြဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများ၊ ပညာရှင်များ၊ အကဲဖြတ်ပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် မှတ်တမ်း တင်ပါကြောင်း။
၁၉ ကြိမ်မြောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆုများအဖြစ် ဝိဇ္ဇာဘာသာရပ်(၃)ဆု၊ သိပ္ပံပညာ ရပ်ဆု(၄)ဆု၊ လူမှုရေးပညာရပ်ဆု (၂)ဆုတို့ကို ချီးမြှင့်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် ဆရာ ဆရာမများ၊ ပညာရှင်များက နိုင်ငံတကာ အသိအမှတ်ပြုသည့် သုတေသနဂျာနယ်များတွင် ရေးသားသည့် သုတေသနစာတမ်းများ ပိုမိုရေးသား လာသဖြင့် ၂၀၁၆ ခုနှစ်တွင် သုတေသနစာတမ်း (၃၁၃)စောင်၊ ၂၀၁၇ ခုနှစ်တွင် သုတေသနစာတမ်း(၄၄၅)စောင်၊ ၂၀၁၈ ခုနှစ်တွင် သုတေသနစာတမ်း (၅၆၆)စောင် စုစုပေါင်း သုတေသန စာတမ်း(၁၃၂၄) စောင်အထိ ရေးသားနိုင်ခဲ့ကြပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည် ကို တွေ့ရပါကြောင်း။
ယနေ့ဆုချီးမြှင့်သည့် အခမ်းအနားတွင် ဆုရရှိသူများအတွက် အထူးဂုဏ်ယူဝမ်းမြော က်ပါကြောင်းနှင့် ချီးမြှင့်သည့်ဆုနှင့် လွဲခဲ့သော်လည်း အကောင်းဆုံးကြိုးစား၍ အရည်အသွေးရှိသော သုတေသန စာတမ်းများကို ပြုစုတင်ပြဆွေးနွေး ခဲ့ကြသည့် ဆရာ ဆရာမများ၊ ပညာရှင်များကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ဆရာ ဆရာမ များနှင့် ပညာရှင်များအနေဖြင့် အရည်အသွေးရှိသော အသုံးချသုတေသန ဆိုင်ရာလုပ်ငန်း များဆောင်ရွက်ခြင်းနှင့် သင်ယူရာတွင် တော်ကြသကဲ့သို့ ကျောင်းသား ကျောင်းသူများကိုလည်း စိတ်ခံစားမှုဖွံ့ဖြိုးလာစေရန်နှင့် လူမှုရေး ဆိုင်ရာကျွမ်းကျင်မှုရှိစေရန် နက်နက်နဲနဲသင်ယူပြီး တစ်သက်တာသင်ယူရန်တို့အတွက် တစ်မူထူးခြားသော နည်းလမ်းများဖြင့် ဆောင်ရွက်လာကြသည်ကို အားပေးလျက်ရှိပါကြောင်း။
တက္ကသိုလ်များ ဖွံ့ဖြိုးရေးအတွက်လည်း ကျောင်းသား ကျောင်းသူများအား အသင်းအဖွဲ့စိတ်ဓာတ် ဖြင့်ပူးပေါင်းဆောင်ရွက်ရန်၊ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေးအတွက် အကောင်အထည် ဖော်နိုင်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ၏ စွမ်းဆောင်ရည် အပေါ် မူတည်၍ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်မလိုက်ဘဲ၊ တရားမျှတစွာ ထိရောက်ပွင့်လင်းမြင်သာမှုရှိသော စီမံခန့်ခွဲမှုဖြင့် အရည်အသွေးရှိသော သင်ယူမှု ဝန်းကျင်ကောင်း ဖြစ်လာရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှု‌ဆောင်အဖွဲ့ဝင် ဆရာကြီး ‌ဒေါက်တာမောင်ကျော်က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဆုအတွက် ဆုရအမည်စာရင်းအား ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဆုရရှိ ကြသူများအား ဆုများပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့က ၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံမှ အကောင်းဆုံး သုတေသနစာတမ်း ဆုရရှိကြသူများအား ကြေညာသည်။
ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဂုဏ်ထူးဆောင် နာယက ဆရာကြီး ဒေါက်တာ ဦးသန်းဦးနှင့် တာဝန်ရှိသူများက (၁၉)ကြိမ်မြောက် သုတေသနညီလာခံမှ အကောင်းဆုံးသုတေသနစာတမ်း ဆုရရှိကြသူများအား ဆုများချီးမြှင့် ကြသည်။
ထို့နောက် ဆုရရှိကြသူများကိုယ်စား စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန လက်ထောက်ကထိက ဒေါက်တာရာဇာချစ်က ကျေးဇူးတင်စကားပြောကြားသည်။
၂၀၁၉ ခုနှစ် (၁၉)ကြိမ်မြောက် သုတေသနညီလာခံဆုပေးပွဲတွင် ဝိဇ္ဇာပညာရပ်ဆုရရှိသူ(၃)ဦး၊ သိပ္ပံ ပညာရပ်ဆုရရှိသူ (၄)ဦး၊ လူမှုရေးပညာ ရပ်ဆု ရရှိသူ(၂)ဦးနှင့် အကောင်းဆုံး သုတေသနစာတမ်းဆု (၃၂) ဦးရရှိ ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.