(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အ.ထ.က(၂)ဒဂုံ အမျိုးသားကျောင်းတွင် ကျင်းပ


Date : 21 November, 2019

6

3h2n9x
ရန်ကုန် နိုဝင်ဘာ ၂၁
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အ.ထ.က(၂)ဒဂုံ အမျိုးသားကျောင်းကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)ရှိ ဦးဘလွင်ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပခဲ့ကြ ပြီး ယခုနှစ်ဆိုလျှင် (၉၉)နှစ်မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ သမိုင်းကြောင်း သင်ခန်းစာ များကိုရယူပြီး ကျောင်းသား ကျောင်းသူများကို လူသားကောင်းဖြစ်ရန်၊ ၂၁ ရာစု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်၊ ဘက်စုံ ဟန်ချက်ညီဖွံ့ဖြိုးရန်၊ လူ့အဖွဲ့အစည်းနှင့် ခေတ်မီစီးပွားရေးတွင်ဝင်ဆန့်နိုင်ရေးအတွက် ပြင်ဆင်ပေးရန်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲပြီး သဟဇာတရှိစွာ နေထိုင်တတ်ရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရဖြစ်သော စည်းလုံးညီညွတ် မှုဖြင့် ငြိမ်းချမ်းသာယာသော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ထို့နောက် မြို့မကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးတင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(၂)ဒဂုံမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူ များကိုဆုချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (၆)ဘာသာ ဂုဏ်ထူးရရှိသူ(၂)ဦးအား လည်းကောင်း၊ ဆရာကြီး ဦးဘလွင်၏သမီး ဒေါ်စုစုလွင်က အမှတ်အများဆုံးရရှိသူ(၁)ဦးအား ဦးဘလွင် ပညာ သင်ဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက (၉၉)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ရင် က အထက(၂)ဒဂုံမှ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ(၁)ဦးအား ဗုဒ္ဓဂယာ ဘုရားဖူးလက်မှတ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.