ရွှေသဇင် RC နှစ်ထပ်စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 21 November, 2019

3

Nov 21
ရန်ကုန် နိုဝင်ဘာ ၂၁
အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်း(ခိုင်သဇင်အောင်)ရတနာရွှေဆိုင်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်မှ ဆောက်လုပ်လှူဒါန်းသည့် ရွှေသဇင် (၁၀၆ ပေ × ၃၀)ပေ RC နှစ်ထပ်စာသင်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်းတို့က ရွှေသဇင်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးနှင့်တာဝန်ရှိသူများက ရွှေသဇင်နှစ်ထပ်ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက် ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား နံ့သာရေပက်ဖျန်းကြသည်။
ယင်းနောက် အထက(ဝေါ)မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပညာရေးဝန်ကြီးဌာနတွင် ကျောင်းဆောင်များလိုအပ်လျက်ရှိသည်ကို အလှူရှင် ဦးသန်းဦးနှင့်မိသားစုမှ ယခုကဲ့သို့ RC နှစ်ထပ် ၁၀၆ ပေ × ၃၀ ပေ ဆောက်လုပ်လှူဒါန်းရာတွင် စာသင်ခန်း(၆)ခန်းပါရှိပြီး စာသင်ခုံ များ၊ လှျပ်စစ်မီးများအပါအ၀င် သိန်းပေါင်း(၁၅၀၀)ကေျာ် အကုန်အကျခံလှူဒါန်းသည့်အတွက် ပညာရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လိုအပ်ချက်များကို အလှူရှင်နှင့်မိသားစုမှ ပံ့ပိုးဖြည့်ဆည်းပေးသည့်အတွက် အလှူရှင်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထားအားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏အေးချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ရှေ့အနာဂတ်ကိုကြည့်ရာတွင်၊ ကျောင်းနေအရွယ်ကလေးများ၏ အနာဂတ်ဘဝလှပရန်နှင့် အလုပ်အကိုင် ကောင်းများရရှိရန် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း။ အလှူရှင်များမှလိုအပ်သည့် ကျောင်းဆောင်များ၊ စာသင်ခုံများ၊ သန့်စင်ခန်းများ၊ စာကြည့်တိုက်များနှင့် ကျောင်းဖွံ့ဖြိုးရေးများနှင့်ပတ်သက်၍ လှူဒါန်းကြသည့်အတွက် အများကမျှော်လင့်လျက်ရှိသည့် အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းများကို ပိုမိုမြန်ဆန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း။
လိုအပ်နေသော ဆရာ ဆရာမများ၊ ကျောင်းဆောင်များပြည့်စုံရန်၊ စာသင်ခုံများပြည့်စုံရန်၊ အားကစား ကွင်းများ၊ ကျောင်း၏စိမ်းလန်းစိုပြည်ရေးနှင့် ဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သည်များကို ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ပံ့ပိုးပေးမှသာ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများ ပျော်ပျော်ရွှင်ရွှင် သင်ကြားသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် ကျောင်းများကို ဆက်လက်ပံ့ပိုးပေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုများကောင်းမွန်ရန် မိမိတို့၏အတွေ့အကြုံပေါ်တွင်မူတည်ပြီး ကျောင်းသား ကျောင်းသူ တစ်ဦးမကျန် သင်ယူတတ်မြောက်မှုအရည်အသွေးကောင်းရန် စုပေါင်းအင်အားဖြင့် ပူးပေါင်း ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးက ကျောင်းဆောင်သစ်အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်း တို့က လွှဲပြောင်းပေးအပ်သည့် ရွှေသဇင်ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများကိုလက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယင်းနောက် ရွှေသဇင် စာသင်ကျောင်းဆောင်သစ်အလှူရှင် ဦးသန်းဦးက ကျောင်းဆောင်သစ်လှူဒါန်းရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်နာယက ဦးဝင်းမောင်က ကျေးဇူးတင် စကားပြောကြားသည်။
အလှူရှင် ဦးသန်းဦးနှင့် ဒေါ်သန်းဝင်းမိသားစုမှ လှူဒါန်းသည့် ရွှေသဇင် စာသင်ကျောင်းဆောင်သစ် (၁၀၆ ပေ ၃၀ ပေ RC (၂)ထပ်ဆောင်တွင် စာသင်ခန်း(၆)ခန်း၊ စာသင်ခန်းတစ်ခန်းစီတွင် စာရေးခုံနှင့်ထိုင်ခုံ (၁၅)စုံစီ၊ စာသင်ခန်းတိုင်း၌ White Board(၁)ချပ်၊ ဆရာ ဆရာမ စာရေးရန် Stage(၁)ခုံ၊ ဆရာစားပွဲနှင့် ကုလားထိုင်ပါရှိပြီး တန်ဖိုးကျပ်သိန်း(၁၅၁၀) အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(ပညာရေး)



Bookmark the permalink.

Comments are closed.