ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


Date : 22 November, 2019

2

Nov 22
နေပြည်တော် နိုဝင်ဘာ ၂၂
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)နှင့်အညီပညာရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံပ ညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်မှု မရှိစေရေးနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ခဲ့စေရေး မူဝါဒဦးတည်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ကာလတွင် ကျောင်းအပ်နှံ နှုန်းများမြင့်မားလာခြင်း၊ ကျောင်းနေနှုန်း မြင့်မားလာခြင်း၊ အဆင့်ကူးပြောင်းနှုန်း မြင့်မားလာခြင်းနှင့်အတူ ကျောင်းထွက်နှုန်းများ သိသိသာသာ လျော့ကျသွားပါကြောင်း၊ သို့သော်လည်းလွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကအကြောင်း အမျိုးမျိုးကြောင့် ကျောင်းသို့ မရောက်နိုင်ခဲ့သော ကျောင်းနေရွယ်လွန် ကလေးငယ်များ၊ မူလတန်းပညာပြီးဆုံးအောင် မသင်ကြားခဲ့ရသော လူငယ်များနှင့် သက်ကြီးစာမတတ်သူများ ကျန်ရှိနေသေးပါကြောင်း။ ယင်းအခြေအနေများကြောင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ် ကတည်းက ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန အသစ်ကို တိုးချဲ့ဖွဲ့စည်း တည်ထောင် ပေးခဲ့ပြီး ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး၊ လူငယ်များနှင့် သက်ကြီးစာမတတ်သူများအတွက် စာတတ်မြောက်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက် ပေးခဲ့ပါကြောင်း၊
ယခုလို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်း အညွှန်းဘောင်သည် နိုင်ငံတော်က ဆောင်ရွက်နေသည့် “မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ပညာသင်ယူခွင့် ရရှိရေမူဝါဒ ဦးတည်ချက်” ကိုအထောက်အကူပြု စေသည့် လုပ်ငန်းအညွှန်းဘောင် တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးလုပ်ငန်းများကို လွှမ်းခြုံ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုပြီးစနစ်တကျ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အထောက်အကူပြု သောလုပ်ငန်း အညွှန်းဘောင်ဖြစ်မည်ဟု မျှော်လင့် ပါကြောင်း၊ ယခုမိတ်ဆက် တင်ပြသော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၆)ရက်၊ နေပြည်တော်တွင် ကျင်းပခဲ့သော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဖိုရမ်မှ စတင်၍ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ ပြင်ဆင်ချက်များနှင့် ဖြည့်စွက်ချက်များကို လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲများနှင့် အစည်းအဝေးများ အကြိမ်ကြိမ် ဆောင်ရွက်ကာ ညှိနှိုင်းရေးဆွဲပြုစု ခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းအညွှန်းဘောင် ပြုစုရေးဆွဲ မိတ်ဆက်နိုင်ရေး ပူးပေါင်းကူညီပံ့ပိုးပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အဖွဲ့ဝင်များ၊ အရည်အသွေးရှိ အခြေခံပညာရေး မြှင့်တင်မှု အစီအစဉ်မှတဆင့် ထောက်ပံ့ကူညီ ပေးကြသည့် ဒိန်းမတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ယူနီဆက်(မြန်မာ)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ လုပ်ငန်းအညွှန်းဘောင် ပြုစုရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Pauls Edwards က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ အညွှန်းဘောင်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr. Pauls Edwards က အညွှန်းဘောင် စာအုပ်များ ပေးအပ်ရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆိုင်ရာကဏ္ဍ အလိုက်လုပ်ငန်းအဖွဲ့ ဒသမအကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နေ့လယ် (၁း၃၀) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၅၂)၌ ဆက်လက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.