သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး ပွဲကျင်းပ


Date : 25 November, 2019

10

3hktz5

နေပြည်တော်နိုဝင်ဘာ၂၅

သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူအသီးသီးအနေဖြင့် မိမိတို့တတ်နိုင်သည့် ကဏ္ဍကနေ စိတ်ရင်းစေတနာအမှန်၊ အမြင်ကျယ်ကျယ်ဖြင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အများအကျိုး အတွက် လိုအပ်ချက်များနှင့် သိရှိလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်သာယာလှပရေးအတွက် ပညာရေးတွင် ရင်းနှီးမြုပ်နှံဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်များကို ပိုမိုအားကောင်းမွန်အောင် အားနည်းချက်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး အားကောင်းအောင် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ကယားပြည်နယ် အတွင်း သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲတွင် လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ပညာရေးသင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် စက်မှု၄.ဝ (Industry 4.0)နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ စက်မှု၄.ဝ (Industry 4.0)နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ် တွင် သင်ယူပြီးရင်း သင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည် ဖြစ်ပါကြောင်း၊ သင်ယူသူ တစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁)၊ Trends Shaping Education 2019,Myanmar Sustainable Development Plan, NESP Goal, National Qualification Framework(NQF) ၊ ပညာရေးဝန်ကြီးဌာန အသုံးစရိတ်(သာမာန်နှင့် ငွေလုံးငွေရင်း)၊ အခြေခံပညာရေး၊ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲခြင်း၊ သူငယ်တန်း+၁၂တန်း အခြေခံပညာရေးစနစ်သို့ ကူးပြောင်းသည့် သတ်မှတ်ချက်များ၊ ဒေသသင်ရိုးနှင့် တိုင်းရင်းသားဘာသာစာပေ ပြုစုခြင်းပုံနှိပ်ခြင်း သင်ကြားခြင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ကျောင်း၊ ဆရာ၊ ကျောင်းသားစာရင်းချုပ်၊ ဦးစီးဌာနများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းချုပ်၊ ကျောင်းအဆင့်တိုးမူ၊ ရာထူးတိုးမြှင့်ခန့်ထားရေးမူများ၊ ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ချီးမြှင့်ခြင်းမူ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသား စာပေသင် TA&LT ခန့်ထားမှုအခြေအနေ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အောင်ချက် အခြေအနေ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာသင်တန်းကျောင်းရှိ ဆရာ၊ ကျောင်းသား စာရင်းများနှင့် ပုံမှန်သင်တန်း၊ ကာလတိုသင်တန်းများ စာရင်းများစာရင်း၊ ကယားပြည်နယ်၏ ဒေသဆိုင်ရာ အခြေအနေများနှင့် ဖွင့်လှစ်ထားသည့် ကျောင်း၊ ဖွင့်လှစ်မည့်ကျောင်းများ အခြေအနေနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အခြေခံပညာကဏ္ဍ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဏ္ဍစသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.