ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန၏ DBE Box (K-12 Digital Teaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်အခမ်းအနားကျင်းပ


Date : 4 December, 2019

2

Dec 4

နေပြည်တော် ဒီဇင်ဘာ ၄

ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန၏ DBE Box (K-12 DigitalTeaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်အခမ်းအနားကိုယနေ့နံနက် (၈း၄၅) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ(၂၀၁၆-၂၁) ချမှတ်၍ မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက် ရှိနေသော်လည်း သင်ကြားရေးဆရာဆရာမ လိုအပ်ချက်၊ ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်၊ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံမှုနှင့် ဆရာဆရာမများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုစသည်တို့တွင်လည်း တိုးတက်ကောင်းမွန်ရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြာင်း၊ ထိုအခက်အခဲနှင့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများရှိ ဆရာဆရာမများအတွက် KG, Grade 1, Grade 2, Grade 3 နှင့် ပတ်သက်သောစာအုပ်များ၊ သင်ခန်းစာများ၊ ဆရာကိုင်နှင့် အထွေထွေ သင်ကြားရေး အထောက်အကူပြုစာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒ၊ ဥပဒေနှင့်ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများအား အလွယ်တကူ လက်လှမ်းမီလေ့လာနိုင်ရန်အတွက် အင်တာနက်(ဒေတာ) အသုံးပြုရန်မလိုအပ်သော DBE Box များအား တပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှရေးသားပြုစုထားသော Creative Commons License ရရှိထားသော သင်ကြားသင်ယူမှု အထောက်အကူပြု သင်ထောက်ကူများကိုလည်း DBE Box များတွင် ထည့်သွင်းပေး ထားပါကြောင်း၊ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များအား နေပြည်တော်ရှိကျောင်းပေါင်း (၂၀)၊ ရန်ကုန်ရှိကျောင်းပေါင်း(၂၀)၊ မန္တလေးရှိကျောင်းပေါင်း(၂၀) ၊ စုစုပေါင်းကျောင်းပေါင်း (၆၀)တို့တွင် စတင်တပ်ဆင်အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်မှု မရှိသော၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသော အခြေခံပညာမူလတန်းကျောင်း (သို့မဟုတ်) မူလတန်းလွန်ကျောင်းများကို ရှေ့ပြေးစမ်းသပ် တပ်ဆင်သွားမည် ဖြစ်ပါကြောင်း။

ဆရာဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများနှင့် သင်ကြားသင်ယူရေး အရင်းအမြစ်များအား Smart Phone (touch screen) ဖုန်းများ၊ Tablet များဖြင့် လေ့လာကြည့်ရှု အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ စမ်းသပ်တပ်ဆင်ထားသော ကျောင်းများ၏ နေ့စဉ်အသုံးပြုမှု အခြေအနေများအား စစ်တမ်းကောက်ယူခြင်း၊ သုံးစွဲစဉ်ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့တပ်ဆင် သွားနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်အုပ်ကြီးများအနေဖြင့် မိမိတို့ကျောင်းတွင် တပ်ဆင်ထားသော DBE Box များအား ဆရာဆရာမများ အသုံးပြုနိုင်ရေး ကူညီစီစဉ်ပေးလိုပါကြောင်း၊ သုံးစွဲရာတွင် ကြုံတွေ့ရသော အခြေအနေများနှင့် ထပ်မံဖြည့်စွက်လိုသော အကြံပြုချက်များကို သက်ဆိုင်ရာ တိုင်းပညာရေးမှူးရုံးများမှ အခြေခံပညာဦးစီးဌာနသို့ပြန်လည် တင်ပြပေးရန် လိုအပ်ပါကြောင်း။

ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာန၏ နည်းပညာအခြေပြု ပြုပြင်ပြောင်းလဲမှုများမှ တစ်ခုအပါအဝင်ဖြစ်ပြီး (Industry 4.0) နှင့်အညီ ICT နည်းပညာများအသုံးပြု၍ ပညာရေးဆိုင်ရာ သင်ကြားသင်ယူမှုများ တိုးတက်ကောင်းမွန်လာရေး အထောက်အကူ ပြုနိုင်မည့် အစီအစဉ်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များအနေဖြင့် ပူးပေါင်းကူညီ ပေးနိုင်ရန် တိုက်တွန်းပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် DBE Box (K-12 Digital Teaching Resources)များအား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ တိုင်းဒေသကြီးပညာရေးမှူးများက လက်ခံရယူကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၏ အထူးစီမံကိန်းများဆိုင်ရာလုပ်ငန်းအဖွဲ့မှ ဦးတင်မောင်မောင်အေးကDBE Box (K-12 Digital Teaching Teaching Resources)တွင် ပါဝင်သောအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Unicef,My-EQIP,OSM တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပညာရေးမှူးများ၊ စမ်းသပ်ကျောင်း(၂၀)မှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ တက်ရောက်ကြကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.