မိုင်းနားရွှေ့ပြောင်းနေထိုင်သူများစခန်း(KBC)၊ ဒုတိယအကြိမ်မြောက် ကာလတိုသက်မွေးပညာသင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Date : 7 December, 2019

1

Dec 7
နေပြည်တော် ဒီဇင်ဘာ ၇

ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Myanmar Kindness Foundationတို့ပူးပေါင်း၍ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဒုတိယ အကြိမ်မြောက် ကာလတို သက်မွေးပညာသင်တန်းဆင်း လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ မိုင်းနားရွှေ့ပြောင်း နေထိုင်သူများ စခန်း(KBC) ၌ကျင်းပသည်။
ရှေးဦးစွာ သင်တန်းသားသင်တန်းသူများက “ i have a dream “ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိုင်းနားစခန်းအတွင်းရှိ ကျောင်းပြင်ပရောက် လူငယ်များအတွက် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေး ပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော House Wiring သင်တန်း၊ Sewing သင်တန်း၊ Hospitality Basic Courses သင်တန်းများကိုMHTi- Myanmar Hospitality& Tourism Institute နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မြစ်ကြီးနား)ရှိ ဆရာ၊ဆရာမများ ပူးပေါင်း၍ (၅-၁၁-၂၀၁၉)မှ (၆-၁၂-၂၀၁၉) ရက်နေ့အထိ တစ်လကြာဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးခဲ့ပါကြောင်း၊ သင်တန်းသို့ မိုင်းနား(KBC) စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ မိုးကောင်းမြို့၊ ဖားကန့်မြို့၊မိုးညှင်းမြို့၊ မန်စီမြို့နှင့် မြစ်ကြီးနားမြို့ အနီးအနားရှိကျေးရွာများမှ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ပြီး House Wiring သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၁)ဦး၊ Sewing သင်တန်းတွင် တက်ရောက် ပြီးစီးသူ(၁၇)ဦးနှင့် Hospitality Basic Courses သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၅)ဉီး၊ စုစုပေါင်း(၈၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည် ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းများ တိုးချဲ့နိုင်ရေးပံ့ပိုးဆောင်ရွက် နေသကဲ့သို့ အရည်အသွေးပြည့်ဝသည့် TVET သင်ကြားသင်ယူ လေ့ကျင့်ရေးစနစ် ဖြစ်ပေါ်လာစေရေးကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ IDP စခန်းနှစ်ခုဖြစ်သည့် (မိုင်းနား KBC နှင့် မိုင်းနား RC) စခန်း(၂)ခုလုံးရှိလူငယ်များနှင့် တွေ့ဆုံဆွေးနွေးချက်အရ လူငယ်များတက်ရောက် လိုသည့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ကားမောင်းသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ကားပြင်သင်တန်း၊ မိုဘိုင်းဖုန်း ပြုပြင်ခြင်းသင်တန်း၊ အလှပြင်သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ မုန့်ဖုတ်သင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်း သင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်မွေးပညာသင်တန်းကို အရည်အချင်းရှိစွာ သင်ယူတတ်မြောက်ပြီးပါက ဒေသအတွင်း၊ နိုင်ငံ အတွင်း၌ အလုပ်အကိုင်ကောင်းများ ရရှိကာ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိစေပြီး လူနေမှုဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာစေမည် ဖြစ်ပါကြောင်း၊ သင်ယူတတ်မြောက် ပြီးသည့် သက်မွေးပညာရပ် အပေါ်အခြေခံ၍ ပိုမိုအဆင့်မြင့်သော သက်မွေးပညာရပ်များကို ဆက်လက်သင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ကချင်ပြည်နယ်အတွက် ကျွမ်းကျင် လုပ်သားနှင့် အသိပညာရှင် အတတ်ပညာရှင်များ ရရှိလာစေနိုင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များလည်း ရရှိလာစေနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လိုအပ်ချက်အခြေပြု သက်မွေးပညာ သင်တန်းများဖွင့်လှစ် နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြသောအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်း အားလုံးကို ကျေးဇူးတင်ပါကြောင်းစသဖြင့် ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် Myanmar Kindness Group Foundation မှဒေါ်ခင်မာလာ၊ MHTi- Myanmar Hospitality& Tourism Institute မှ ကျောင်းအုပ်ကြီး ဦးအောင်မြစိုးတို့က သင်တန်းသားသင်တန်းသူတို့အား နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ထူးချွန် ကျောင်းသား ကျောင်းသူများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ရာ သင်တန်းသားသင်တန်းသူများက လက်ခံရယူကြသည်။
ယင်းနောက် Myanmar Kindness Group Foundation မှ အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းစခန်းများမှ KG နှင့် GRADE(1) ကျောင်းသားကျောင်းသူများအား ကျောပိုးအိတ်များလက်ဆောင် ပေးအပ်သည်။
ထို့နောက် သင်တန်းသားသင်တန်းသူများ ကိုယ်စား မိုင်းနားရွှေ့ပြောင်း နေထိုင်သူများစခန်း(KBC) တာဝန်ခံ ဦးဇော်လုံးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများက ကချင်တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက စာတွေ့လက်တွေ့ သင်တန်းခန်းမများကို လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကချင်ပြည်နယ်ရှိ အခြေခံပညာ ဆရာဆရာမများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေး၊ အခက်အခဲများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကိုရင်းနှီးစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.