၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 24 December, 2019

6

Dec 24

နေပြည်တော် ဒီဇင်ဘာ ၂၄

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကိုယနေ့ ညနေ(၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားကွင်း (B)ရုံတွင် ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက အားကစားအဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသားကျောင်းသူ လူငယ်များ၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သန်စွမ်းစေဖို့ အခြေခံပညာကျောင်းအဆင့်၊မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်အထိ ကျောင်းသားအားကစားပြိုင်ပွဲများကို အဆင့်ဆင့်ကျင်းပနေပြီ ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အားကစားပြိုင်ပွဲမှ နိုင်ငံတော်ကအားထားရသည့် လက်ရွေးစင်အား ကစားမောင်မယ်များ ပေါ်ထွက်လာရေး မျှော်မှန်းပါကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်များကို ၁၉၉၀ ပြည့်နှစ် ပထမအကြိမ်မှသည် ၁၉၉၈ ခုနှစ် အဋ္ဌမအကြိမ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တွင် နေပြည်တော်တွင် လည်းကောင်း ကျင်းပပြုလုပ်ပေးခဲ့ပြီး ယင်းနောက်ပိုင်း ကျင်းပပေးနိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်မှစ၍ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်နှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲထည့်သွင်းပြီး ပြန်လည်ကျင်းပခြင်းဖြစ်ပါကြောင်း၊

၂၀၂၀ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်အား မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့်အခါ အောင်မြင်မှုရရှိစေရေးအတွက်လည်း ရည်ရွယ်ကာကျင်းပခြင်း ဖြစ်ပါကြောင်း။ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် အားကစားအပေါ် ချစ်မြတ်နိုးတတ်သည့် အလေ့အကျင့်များရရှိပြီး အားကစားသမား အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုကို ရရှိမည်ဖြစ်ပါကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် မိမိတို့တိုင်းဒေသကြီး ပြည်နယ် ဂုဏ်ကိုသာမက နိုင်ငံတော်၏ဂုဏ်သိက္ခာကိုပါ ဖာ်ဆောင်နိုင်သည့် လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက အမှာစကားပြောကြား၍ ကျောင်းသား အားကစားပွဲတော်အားဖွင့်လှစ်ပေးသည်။

ယင်းနောက် ကျောင်းသားအားကစားပွဲတော် အထိမ်းအမှတ်အလံအား လွှင့်တင်ကာ အားကစားအဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် အားကစားအဖွဲ့များကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ကျောင်းသားကျောင်းသူများက Physical Fitness Dance အစီအစဉ်နှင့် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄) တို့ဖြင့် သရုပ်ပြတင်ဆက်ကြသည်။

ယနေ့စတင်ဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့အထိနေပြည်တော်ရှိ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများကို ဗဟိုပြု၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို အားကစားနည်း (၄)မျိုး၊ (ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ(၁၆၉၅)ဦး၊ စုစုပေါင်းအင်အား (၁၉၃၅)ဦးတို့ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 



Bookmark the permalink.

Comments are closed.