၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Date : 29 December, 2019

7

Dec 29

နေပြည်တော် ဒီဇင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁:၃၀) နာရီတွင် နေပြည်တော်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ၊ လူရည်ချွန်များပေါ်ထွက်လာစေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်းအသစ်၏ အင်္ဂလိပ်စာဘာသာရပ်များတွင် အရေးအဖတ် အပြောစွမ်းရည်များ တိုးတက်လာစေရန် သင်ခန်းစာများနှင့် သင်ကြားနည်းများကို ပြုပြင်ပြောင်းလဲထားပြီး သင်္ချာဘာသာရပ်တွင်လည်း စဉ်းစားတွေးခေါ်သောဉာဏ်၊ ဆက်စပ်တွေးခေါ်သော ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက် စေသည့် သင်ခန်းစာများနှင့် သင်ကြားနည်းများကိုပြုပြင်ပြောင်းလဲထားပါကြောင်း၊ ကျောင်းသား လူငယ်များအတွက် လိုအပ်သော အရည်အသွေးများအနက် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် မြင့်မားရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များအား နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ အရေးအဖတ် အပြောစွမ်းရည် တိုးတက်လာစေရေးနှင့် စဉ်းစားတွေးခေါ်ဉာဏ်ရင့်သန်ပြီး သင်္ချာဆိုင်ရာဉာဏ်ရည် တိုးတက်စေရေးအတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယနေ့(၂၁)ရာစု ပညာရေးခေတ်တွင် သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲလာသည့် သတင်းအချက်အလက်များကို အပြည့်အဝ ရယူလေ့လာနိုင်ရေးအတွက် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည် မြင့်မားနေရန်လိုအပ်သလို သင်္ချာစွမ်းရည်မြင့်မားရန်လည်းလိုပါကြောင်း၊ သို့မှသာ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနှင့်နည်းပညာများနှင့်အဆင့်မြင့်ပညာရပ်များကို ဆက်လက် စူးစမ်းဖော်ထုတ် နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားရေး အဆင့်အတန်းကိုမြှင့်တင်နိုင်ရေး တစ်ထောင့် တစ်နေရာက ကူညီပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်က စပြီး အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်စွမ်းရည်များထက်မြက် မြင့်မားရေးရည်ရွယ်ကာ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယခုကဲ့သို့ နှစ်စဉ် ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် စွမ်းရည်မြင့်အောင် အလေးထား လေ့ကျင့်သင်ကြားပေးနိုင်မှသာ ကျောင်းသား၊ကျောင်းသူများ အခြေခံကောင်း ရရှိပြီးအထက် တန်းအဆင့်နှင့်အဆင့်မြင့်ပညာရပ်များကို လွယ်ကူစွာဆက်လက်လေ့လာသင်ယူနိုင်ကြမည်ဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲတွင်အင်္ဂလိပ်စာနှင့် သင်္ချာမေးခွန်းများ အကဲဖြတ်စစ်ဆေးခြင်းကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး ကျောင်းသား၊ကျောင်းသူများ၏ စွမ်းရည်ကို ပိုမိုတိုးတက် စေရန်အတွက် အင်္ဂလိပ်စာ ပြိုင်ပွဲခေါင်းစဉ်များကိုကြိုတင်မပေးဘဲ Theme များကိုပေးထားခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည် မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ စွမ်းရည်ကိုလည်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ၏သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားရေးအတွက် သင်ယူမှုဝန်းကျင်ကောင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးသောသင်ကြား၊ သင်ယူမှုဝန်းကျင်ကောင်းကို ဖန်တီးပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘက်စုံ၊ ထောင့်စုံတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ထိရောက်သော သင်ကြား၊သင်ယူမှု ဖြစ်ထွန်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများ အနေဖြင့် မိမိသင်ပြရသည့် ဘာသာရပ်အလိုက် ကြိုးစားသင်ပြကြပြီး ကျောင်းသူ၊ကျောင်းသားများကလည်း စိတ်ဓာတ်ကောင်းမွန်သော၊ စည်းကမ်းလိုက်နာသော နိုင်ငံ့သားကောင်းများ ဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ဖြေဆိုမှုနှင့် ပတ်သက်၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်း အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ စာစစ်မှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ စာစစ်မှူးချုပ် ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခဒေါက်တာချိုဝင်း တို့က ရှင်းလင်းတင်ပြသည်။
ယင်းနောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုချီးမြှင့်ခံရသည့် ကျောင်းသားကျောင်းသူများက စွမ်းရည်ကို တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည် ပြိုင်ပွဲတွင် သက်ဆိုင်ရာအဆင့်အလိုက်ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အကဲဖြတ်စစ်ဆေးခြင်း ဆိုင်ရာလုပ်ငန်းများ ကူညီဆောင်ရွက် ပေးသည့် တက္ကသိုလ်များမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ပါ၀င်ကူညီသော Presenter ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်များမှ အင်္ဂလိပ်စာနှင့် သင်္ချာဌာနမှ ပါမောက္ခများ (ဌာနမှူး) နှင့် ဆရာ၊ ဆရာမများ၊ ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊ စီစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက် ပေးကြသော တက္ကသိုလ်၊ ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းဒေသကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးမိသားစုဝင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် မိဘများ တက်ရောက် ကြကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုရှိကြသူများမှာ Grade-5 တွင် ပထမ မရွှေရတီဖြိုး (PEC ကိုယ်ပိုင်ကျောင်း-ပုသိမ်)၊ ဒုတိယ မမြကေခိုင်လွင်(CAE ကိုယ်ပိုင်ကျောင်း၊မန္တလေး)၊ တတိယ မောင်အောင်ဘုန်းမြတ် (မြင့်မိုရ်ကိုယ်ပိုင် ကျောင်း-မြိတ်)၊ Grade-6 တွင် ပထမ မဆုလင်းထက်(အလက-၃၊ပြင်ဦးလွင်)၊ ဒုတိယ မောင်ဉာဏ်လင်းဆက် (New land ကိုယ်ပိုင်ကျောင်း-ရန်ကင်း)၊ တတိယ မောင်ဇေဘုန်းခိုင် (အထက-၅ ပျဉ်းမနား)၊ Grade-7 တွင် ပထမ မောင်စိုင်းခေးသျှံ (ရွှေမဟာကိုယ်ပိုင်ကျောင်း-တာချီလိတ်)၊ ဒုတိယ မသက်မှူးခင် (အထက-၅၊ပျဉ်းမနား)၊ တတိယ မဆုအိမ်စည် (အထက-၁၊ကျောက်မဲ)၊ Grade-8 တွင် ပထမ မအေးမြတ်ကြည်ဖြူ(အထက-၂ မရမ်းကုန်း)၊ ဒုတိယ မရှင်းသန့်နဒီ (အထက-၃၀၊ချမ်းမြသာစည်)၊ တတိယ မချမ်းမြေ့ဖြိုး (အထက-၃၊ပဲခူး)၊ Grade-9 တွင် ပထမ မောင်လင်းမာန်ခန့် (အထက-၁၊ကလော)၊ ဒုတိယ မသိမ့်နွယ်ညိမ်း (Wisdom ကိုယ်ပိုင်ကျောင်း၊မကွေး)၊ တတိယ မသက်နှင်းစု (အထက-၄၊ကျောက်မဲ) တို့ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသူများမှာ Grade-5 တွင် ပထမ၊ မအေးပြည့်ပြည့်စံ(အထက-၅၊နေပြည်တော်)၊ ဒုတိယ၊ မအိမ့်မြတ်နိုးအောင် (အထက-မြို့မ၊ နတ်တလင်း)၊ တတိယ၊ မောင်မင်းဘုန်းမြတ်စံ (အလက-၄၊မော်လမြိုင်)၊ Grade-6 တွင် ပထမ မစုရတနာထွန်း (အထက-၅၊နေပြည်တော်)၊ ဒုတိယ မအိမ့်မြတ်နိုးဦး (အထက-၁၊ဒဂုံ)၊ တတိယ မောင်ရဲမြတ်ကျော်သူ (အထက-၂၊မင်းဘူး)၊ Grade-7 တွင် ပထမ မောင်ဉာဏ်လင်းထူး (အထက-၅၊ဗိုလ်တထောင်)၊ ဒုတိယ မောင်ကောင်းမင်းထက် (အထက-၁၊ကျောက်ပန်းတောင်း)၊ တတိယ မဖြိုးအိမွန် (အထက-၄၊တောင်ကြီး)၊ Grade-8 တွင် ပထမ မမေမျက်ခြယ်(အထက-၄၊တောင်ကြီး)၊ ဒုတိယ မောင်ကောင်းသန့်(အထက-ဟိုပင်)၊ တတိယ မအိအိတုံ (အထက-၆၊ပုသိမ်)၊ Grade-9 တွင် ပထမ မသွန်းနဒီဦး (ပညာအလင်းရောင် ကိုယ်ပိုင်ကျောင်း-မင်းဘူး)၊ ဒုတိယ စိုင်းသန်းထက်အောင် (အထက-၄၊တောင်ကြီး)၊ တတိယ မောင်မင်းသိန်းကျော် (အထက-၅၊ဗိုလ်တထောင်) တို့ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.