ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်း တက်ရောက်ဆွေးနွေးပြောကြား


Date : 2 January, 2020

6

Jan 2
နေပြည်တော် ဇန်နဝါရီ ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ၂၊ ၁၊ ၂၀၂၀ ရက်နေ့ နံနက် ၈နာရီ၁၅မိနစ် တွင် ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသော ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်း ချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းသို့ တက်ရောက်၍ ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားရာတွင် နိုင်ငံကောင်းဖို့အတွက် ပညာရေးစနစ်ကောင်းရန် အရေးကြီးပါကြောင်း၊ ပညာရေးစနစ် ကောင်းမွန်ရေးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ကာလအတွင်း အားသာချက်များကို ပိုမိုအားကောင်းစေရေး၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားကောင်းစေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည် အခြေခံအဆင့်မှ တက္ကသိုလ်အဆင့်သို့ ကူးပြောင်းရာတွင် အရေးကြီးသည့် စာမေးပွဲဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအားမတ်လ(၁၁) ရက်နေ့မှ(၂၀) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ စာစစ်လုပ်ငန်းများကို ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား တာဝန်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား၊ကျောင်းသူများ ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက် ဆရာဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုနှင့် သင်ကြားသင်ယူနည်းလမ်းတတ်ကျွမ်းရေး၊ ဆရာဦးရေတွင် ကျားမအချိုးမျှတရေး၊ အတော်ဆုံးသူများကို ဆရာဆရာမခန့်အပ်နိုင်ရေး၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည် မြင့်မားရေးနှင့် အိုင်စီတီတတ်ကျွမ်းမှု စွမ်းရည်မြင့်မားရေးတို့ကို အားပေးမြင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ကျောင်းများတွင် ကျောင်းသားကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ကြရန်၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှု များကိုလည်း မြှင့်တင်ဆောင်ရွက်ရန် လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ တက္ကသိုလ်များ ပူးပေါင်း၍ ဆောင်ရွက်ကြရန်၊ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်း မပြုရန်နှင့် ယခုဆွေးနွေးပွဲ သင်တန်းတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အကောင် အထည်ဖော် ဆောင်ရွက်နေ့သည့် ပညာရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများက လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးကြပ်ရေးမှူးများ ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပို့ချကြသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိ သူများက အသေးစိတ် ပြန်ရှင်းလင်း ဆွေးနွေးတင်ပြသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နေပြည်တော်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မကွေး၊ ကယား၊ ပဲခူး(အရှေ့)၊ ပဲခူး(အနောက်)၊ ရှမ်း(တောင်)၊ တိုင်းဒေသကြီးပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း (၇၃၉)ဦးတက်ရောက်ကြပြီး ၁၊၁၊၂၀၂၀ ရက်နေ့မှ ၂၊၁၊၂၀၂၀ ရက်နေ့အထိကျင်းပကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.