၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော်ကျင်းပ


Date : 7 January, 2020

6

Jan 7NT

နေပြည်တော် ဇန်နဝါရီ ၇
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈) နာရီတွင် နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တပ်ကုန်းမြို့မှ ကျောင်းသားကျောင်းသူများက“စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကဏ္ဍအသီးသီးမှ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရန် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ်“ ပညာရေးစုံညီပွဲတော်နေ့” ကို သတ်မှတ်ကျင်းပခဲ့ပါကြောင်း၊
ပညာရေးစုံညီပွဲတွင်ပညာရေးဖွံ့ဖြိုးမှု ပြခန်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည် ပြပွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဘက်စုံပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပေးခဲ့ပါကြောင်း၊ ပညာရေးစုံညီ ပွဲတော်ကို ပညာရေးနယ်မြေအလိုက်၊ ကျောင်းမိသားစုအလိုက်၊ ကျောင်းအလိုက် (၁) ဘက်စုံပညာထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း(၂) သင်ကြားသင်ယူမှု အထောက်အကူပြု ပြိုင်ပွဲများကျင်းပခြင်း(၃) ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခြင်း (၄)ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း(၅) အိမ်တွင်းမှုဆိုင်ရာ ပြိုင်ပွဲများ ကျင်းပခြင်း(၆) ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ (၇)စက်မှုလက်မှုပြိုင်ပွဲများ ပြုလုပ်ခြင်း၊ (၈)မြန်မာ့ရိုးရာလက်မှုပညာ ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ခြင်း၊(၉) IQ Quiz မှ ပြိုင်ပွဲများ ပြုလုပ်ခြင်း၊(၁၀) စာစီစာကုံးပြိုင်ပွဲများပြုလုပ်ခြင်း၊ (၁၁)ဈေးရောင်း ပွဲတော်များကျင်းပခြင်း၊ (၁၂) အားကစားပြိုင်ပွဲများ၊ စွမ်းရည်ပြိုင်ပွဲ များကျင်းပခြင်း၊ (၁၃)ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပခြင်း၊ (၁၄) ကြံ့ခိုင်စွမ်းရည်ပြသခြင်းစသည့် လှုပ်ရှားမှုများအနက် သင့်တော်သည့် လှုပ်ရှားမှု အခြေအနေများကို ဒေသအခြေအနေ၊ ဌာနဆိုင်ရာများ၊ မိဘများပူးပေါင်းပါဝင်မှု အခြေအနေပေါ်မူတည်၍ ကျင်းပခဲ့ပါကြောင်း၊
ပညာရည်တိုးတက် မြင့်မားရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို မိဘပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပညာရေးစုံညီပွဲတော်၏ အစီအစဉ်တစ်ရပ်ဖြစ်သည့် ဗဟိုအဆင့်တွင် ဒသမတန်း ဘက်စုံပညာထူးချွန်သူများ၊ အဋ္ဌမတန်းဘက်စုံပညာထူးချွန်သူများ၊ မူလတန်း၊အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာပြိုင်ပွဲ ဆုရသူများ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲဆုရသူများ၊ နိုင်ငံတကာပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသူများ၊ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရာတွင် ထူးချွန်ဆုရကျောင်းများ၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး စီမံချက်အရထူးခြားသည့် ကျောင်းသား၊ ကျောင်းသူများ (Students of the Year)နှင့် ဂုဏ်ထူးဆောင် ကျောင်းသား၊ ကျောင်းသူများ (Students of Honor) ဆိုပြီးဆုတံဆိပ်နဲ့ဂုဏ်ပြု မှတ်တမ်းလွှာများချီးမြှင့်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ အတွက် ကောင်းမွန်သည့် ရည်ရွယ်ချက် တွေချမှတ်ပြီး ဆောင်ရွက်ခဲ့သည့် ပညာရေးစုံညီပွဲတော်ကို နှစ်စဉ်ဆက်လက်ပြီး ကျင်းပသွားနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အကောင်အထည်ဖော် ပေးကြရန် လိုပါကြောင်း၊
အခြေခံပညာကဏ္ဍတွင် ပညာရေးစုံညီပွဲတော်ကို ကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ နောင်အနာဂတ်တွင် လျှောက်လှမ်း ရမည့်လမ်းကို အစပျိုးပေးခြင်း တစ်ခုဖြစ်ပါကြောင်း၊
ပညာရေးစုံညီပွဲတော်ဟု ဆိုသည့်အတိုင်း မိဘပြည်သူများ၊ ဆရာ၊ဆရာမ ကျောင်းသား၊ကျောင်းသူ၊ ပညာရေးဌာနများ၏ အရည်အသွေးများဖြင့် စုံစုံညီညီပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းဆောင်ရွက် ပေးကြစေပါ ကြောင်းစသည်ဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးတို့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအား အသီးသီးဆုချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများလေးက တေးဂီတသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ဧည့်သည်တော်များကစုံညီပွဲတော်အတွင် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေး ကြကြောင်း သတင်းရရှိသည်။

 



Bookmark the permalink.

Comments are closed.