ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနား တက်ရောက်


Date : 10 January, 2020

2

3lqgq1
ရန်ကုန် ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အထက (၁)ရွှေပြည်သာ၊ အထက(၂)လှိုင်သာယာ၊ အထက(၃) မင်္ဂလာဒုံ၊ အထက တော်လန်း(ကွမ်းခြံကုန်း) ကျောင်းများ၏ ကျောင်းစာကြည့်တိုက် များဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးဘိုနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး နဝဒေးစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အထက(၂)လှိုင်သာယာမှ ကျောင်းသား ကျောင်းသားများက ပြည်မြန်မာ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လှူဒါန်းကြသည့် အလှူရှင်များ၊ ပံ့ပိုးကူညီ ဆောင်ရွက်ကြသည့် တာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာအနေဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသဖြင့် ကျောင်းစာကြည့်တိုက်များ အဆင့်မြှင့်တင်ခြင်း၊ ကျောင်းစာကြည့်တိုက်များ အသုံးပြုခြင်းကို အားပေးဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ MBAPF တို့နှင့် ပူးပေါင်း၍ The Asia Foundation ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၈ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း။
ကျောင်းသား ကျောင်းသူများ စာများများဖတ်နိုင်ရန်အတွက် အားပေးဆောင်ရွက်လျက်ရှိရာ ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားကျောင်းသူများ၏ ကောင်းသောသဘောထားများ၊ ကောင်းသောစိတ်ခံစားမှုများ ရရှိရန်အတွက် ရသစာပေစာအုပ်များကို ထည့်သွင်းပေးထားပါကြောင်း၊ ကလေးများ၏ အသက်အရွယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမှုနှင့် စဉ်းစားတွေးခေါ် နိုင်မှုအရ လိုက်လျောညီထွေဖြစ်သည့် စာအုပ်များကို ထည့်သွင်းပေးထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာသင်ခန်းအတွင်း၌သာ သင်ယူနိုင်ရုံသာမက အခြားသုတရပ်ဆိုင်ရာ များကို လေ့လာနိုင်ရန် စာကြည့်တိုက်တွင် သုတနှင့်ဆိုင်သော စာအုပ်များ၊ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်များကိုလည်း ထည့်သွင်းပေးထားပါကြောင်း။
သုတစာအုပ်များကို ဖတ်ရာတွင် နိုင်ငံတကာ စာအုပ်များသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်အတွက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ အင်္ဂလိပ်စာအရည်အသွေး မြင့်မားရေးကိုလည်း အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဆက်လက်သင်ယူ လေ့လာလိုသည့် ပညာရပ်များကို အရည်အသွေးပြည့်မီစွာ သင်ယူလေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင် ကျောင်းသုံး ဖတ်စာအုပ်များသည် ကျောင်းသား ကျောင်းသူ သင်ယူတတ်မြောက်ရမည့် ဘာသာရပ်ကို အကောင်းဆုံး သင်ယူတတ်မြောက်နိုင်စွမ်း ရှိရန်ဖြစ်ပြီး စာမေးပွဲရမှတ်များများ ရရှိစေရန် သင်ကြားပေးခြင်း မဟုတ်ပါကြောင်း၊ သို့ရာတွင် ကျောင်းသားကျောင်းသူများ စာရေးတတ်၊ ဖတ်တတ်၊ တွက်တတ်ရန်၊ အတူပူးပေါင်းဆောင်ရွက် နိုင်စွမ်းရှိရန်နှင့် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ၏ အရည်အသွေးကို မြှင့်တင်ပေးရန်အတွက် အရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် စာကြည့်တိုက်များ ရေရှည်အသုံးချနိုင်ရေး အားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဘိုနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ‌ဒေါ်ဝင်းတို့က အမှာစကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအောင်အောင်သင်းက ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် လက်ဆောင်အား ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဘင်ခရာတီးဝိုင်းအတွက် အလှူငွေပေးအပ်ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး အထက(၃)ကျောင်းအုပ် ဆရာကြီးက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နှင့် တို့ပူးပေါင်းကာ ပညာရေးဝန်ကြီး ဌာန၏ ဘဏ္ဍာငွေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံ ပညာအထက်တန်း ကျောင်း ၁၀ ကျောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အခြေခံပညာအထက်တန်းကျောင်း ၅ဝ တို့၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အခြေခံပညာကျောင်း ၁၁၅ ကျောင်း ၏ ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.