ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၏ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ


Date : 10 January, 2020

20

Jan 10 japan-Myanmar
ရန်ကုန်၊ ဇန်နဝါရီ ၁၀
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေး ပညာသင်တန်းကျောင်း (JMASVTI)၏ ဖွင့်ပွဲအခမ်းအနားနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်ရှိ ဂျပန်-မြန်မာအောင်ဆန်း သက်မွေး ပညာသင်တန်းကျောင်း (JMASVTI) ဆောက်လုပ်မည့် မြေကွက်လပ်ရှိ ယာယီမဏ္ဍပ် တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော Mr. Kozo YAMAMOTO နှင့် Mr. Satoshi FUJIMARU၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ Chief Representative၊ Mr. Masayuki KARASAWA၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာ့မော်တော်ယာဉ် ဖွံ့ဖြိုးမှုအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့မှ ကိုယ်စားလှယ်များ၊ သက်မွေးပညာသင်ကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း၏ စီမံကိန်းသည် ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ယခင်စက်မှုလက်မှုအထက်တန်းကျောင်း(အောင်ဆန်း)တွင် ဆောက်လုပ်ပြီး လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဤကျောင်းတွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာရပ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်း ပညာရပ်နှစ်ခုကို ဂျပန်နိုင်ငံ၏ အတွေ့အကြုံ၊ နည်းပညာနှင့် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော လုပ်သားဈေးကွက်နှင့်ကိုက်ညီသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာ လူငယ်၊ လူရွယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာ နိုင်မှာဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့မှ စတင်၍ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာရပ် နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ်(၂)ခုတို့ကို AGTI ဒီပလိုမာအဆင့် (၃)နှစ် သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးနေပြီ ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးကို စိတ်ပါဝင်စား သင်ယူလိုသူများ လေ့လာသင်ယူခွင့်ရရှိရေး၊ အရည်အသွေး အာမခံမှုရှိရေးနှင့် ပိုမိုကောင်းမွန်သော နည်းပညာနှင့် သက်မွေးပညာရေးဖြစ်ပေါ် လာစေရန် မဟာဗျုဟာများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပါကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီစေသည့် နည်းပညာနှင့် သက်မွေးပညာရေး အစီအစဉ် များအနက် ယနေ့ဖွင့်လှစ်သည့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းသည် မဟာဗျုဟာမြောက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော ပညာရေးဆိုင်ရာ စီမံကိန်းများအနက် လွန်စွာတန်ဖိုးရှိသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ အစဉ်ပြောင်းလဲ တိုးတက်နေသော ဈေးကွက်လိုအပ်ချက်ကို စောင့်ကြည့်လေ့လာသုံးသပ်ပြီး အရည်အချင်းရှိသော ကျွမ်းကျင်အတတ် ပညာရှင်များ လေ့ကျင့်သင်ကြား ပြုစုမွေးထုတ်ပေးနိုင်စေရေးအတွက် အထူးအလေးအနက်ထား၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဂျပန်လွှတ်တော်ကိုယ်စားလှယ် Mr. Kozo YAMAMOTO က အမှာစကား ပြောကြား၍ Japan International Cooperation Agency(JICA) ၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki က JMASVTI တည်ထောင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော Mr. Yamamoto Kozo နှင့် Mr. Fujimaru Satoshi၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Maruyama Ichiro တို့မှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ ပန္နက်တင်မင်္ဂလာအစီအစဉ်အား ဆောင်ရွက်ကြသည်။
ယင်းနောက် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်း ကျောင်း (JMASVTI) ဖွင့်ပွဲအခမ်း အနားအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် ဂျပန်နိုင်ငံလွှတ်တော် ကိုယ်စားလှယ် Mr. Yamamoto Kozo နှင့် Mr. FUJIMARU Satoshi၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Maruyama Ichiro နှင့် JICA Myanmar Office မှ Chief Representative Mr. Karasawa Masayuki တို့က ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း၏ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.