ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 အခမ်းအနားတက်ရောက်


Date : 12 January, 2020

7

Jan 12
ရန်ကုန် ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၈နာရီအချိန်၌ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကျင်းပပြု လုပ်သော ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 အခမ်းအနားသည် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ကျောင်းများ(International Schools)တို့ ပထမဆုံးအကြိမ် ပေါင်းစည်းကျင်းပသဖြင့် မြန်မာ့ ပညာရေးတွင် ထူးခြားသော ကျောင်းသားပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြား ဆက်ဆံမှုမျှမရှိ၊ အားလုံးပါဝင်မှုကို အဓိကဆောင်ရွက်ပြီး မည်သူ တစ်ဦးတစ်ယောက်မျှမကျန်စေရ ဟူသော ပညာရေးမူဝါဒကို အမြဲလက်ကိုင်ထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသားများကို နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်ဆောင် ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်မှုသည် အလွန်အရေးကြီးပါကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်ဓာတ် ကောင်းများကို ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ယူရန်လိုအပ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ၏ အဓိကဆောင်ပုဒ်ဖြစ်သော “ကျွနု််ပတို့ အားလုံးသည် ကျောင်းသားများဖြစ်ကြသည် WE ALL ARE STUDENTS” ဆိုသည့်အတိုင်း ကျောင်းသားများအားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် စုပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ သင်ယူမှု လုပ်ငန်းများကို ဇုန်(၅)ဇုန်ခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသဖြင့် ထိုဇုန်များတွင် ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းသင်ယူကြရန်နှင့် ကျောင်းသင်ခန်းစာ တစ်ခုအနေဖြင့် Project Based Learning ကို ထည့်သွင်းဆောင်ရွက်ကြရန် အရေး ကြီးပါကြောင်း၊ Students Festival Myanmar 2020 ကို ဦးစီးဆောင်ရွက်ပေးသည့် ကိုယ်ပိုင် ကျောင်းများအသင်း ဥက္ကဋ္ဌ ဆရာကြီးဦးနေအုပ်နှင့် နိုင်ငံတကာကျောင်း အသင်းမှတာဝန်ရှိသူ များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ‌ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန် တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများ အသင်းဥက္ကဋ္ဌ ဦးနေအုပ်တို့မှ အမှာစကားပြောကြားကြပြီး ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။
Students Festival Myanmar 2020 ကို အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်တွေ့ဆုံပြီး လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်စေရန်၊ ကျောင်းသား ကျောင်းသူအချင်းချင်း အသိပညာဖလှယ်ကြပြီး ချစ်ခင်ရင်းနှီးကြစေရန်၊ ကျောင်း သား ကျောင်းသူအချင်းချင်း လေ့လာသင်ယူမှု အားကောင်းစေရန်နှင့် အချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ပုဂ္ဂိုလ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်၊ ပညာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.