ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Asi@Connect National Launch ဖွင့်ပွဲ အခမ်းအနား တက်ရောက်


Date : 11 January, 2020

2

Jan 11
ရန်ကုန် ဇန်နဝါရီ ၁၁
Asi@Connect National Launch ဖွင့်ပွဲအခမ်းအနား အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် အဆင့်မြင့် ပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဘဝတစ်သက်တာ သင်ယူလေ့လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှ အစပြု၍ သင်ယူမှုဝန်းကျင်ကောင်းများကို ဖန်တီးအားပေးလျက် ရှိပါကြောင်း၊ တက္ကသိုလ်၏ အသက်သွေးကြောသည် သုတေသနဖြစ်ပြီး သုတေသနဖွံ့ဖြိုးရေးသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ဆရာ၊ ဆရာမအားလုံး ပါဝင်သော သုတေသန ယဉ်ကျေးမှု၊ Myanmar Research and Education Network (mmREN) နှင့် အရည်အသွေးရှိသော အသုံးချသုတေသနကို အားပေးမြှင့်တင် ပေးလျက်ရှိကြောင်း၊ သုတေသနဆောင်ရွက် ရာတွင် (Motivation)သည် အရေးပါကြောင်း၊ ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အသုံးချသုတေသနကို အားပေးဆောင် ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ပညာရပ်စာစောင်များတွင် သုတေသန ဆောင်းပါးများ နှစ်စဉ်ပါဝင် ရေးသားခြင်းကို အားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကလုပ်ငန်းများ၊ ကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း နှင့်ပူးပေါင်းလျက် ပြည်သူပိုင်နှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်လျက် ရှိပါကြောင်း။
Asi@Connect သည် ၂၀၀၁ ခုနှစ်တွင် အာရှ-ဉရောပ အစည်းအဝေး (ASEM)မှ စတင်ခဲ့ သော ဉရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် (Trans-Eurasia Information Network -TEIN) တည်ဆောက်ရေးအတွက် ဉရောပသမဂ္ဂ အထောက်အပံ့ပေးသော စီမံကိန်းအစီအစဉ်များမှ စတုတ္ထအဆင့် စီမံကိန်းဖြစ်ပါကြောင်း၊ Asi@Connect Project တွင် အာရှနိုင်ငံပေါင်း (၂၄)နိုင်ငံမှ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိပြီး ဉရောပမှ သုတေသန ပညာရှင်ပေါင်း သန်း ၅၀ ကို GEANT ကွန်ရက်မှတဆင့် ဆက်သွယ်၍ သုတေသန လုပ်ငန်းပေါင်းများစွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ Asi@Connect Project ၏အဓိကလုပ်ငန်း(၆)ခုအနက် တစ်ခုဖြစ်သည့် ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှုလျော့ချ နိုင်ရေးအတွက် အကူအညီပေးခြင်း ဖြစ်သောကြောင့် Asi@Connect Project ၏ပံ့ပိုးမှုဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ အတွင်း TOT(Training of Trainers) သင်တန်း(၁၃)မျိုးကို မြန်မာနိုင်ငံ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ နည်းပညာတက္ကသိုလ်များမှ ဆရာ ဆရာမများအား သင်ကြားပို့ချလျက် ရှိကြောင်းနှင့် အကူအညီ အထောက်အပံ့ပေးသည့် EU နှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် European Union Head of Mission ဖြစ်သူ Mr. Johann Hesse၊ TEIN*CC မှ President ဖြစ်သူ Mr.Yong Hwan Chung နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်တို့က အမှာစကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက WP6 Project CCNA Cyber Op နှင့် WP6 Project Bridging the Digital Divide in Myanmar ခေါင်းစဉ်များဖြင့် နည်းပညာဆိုင်ရာများကို ဆက်လက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.