နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) သို့ တက်ရောက်အမှာစကား ပြောကြား


Date : 28 January, 2020

1

3nig0v
နေပြည်တော် ဇန်နဝါရီ ၂၈

၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် အပြည်ပြည်ဆိုင်ရာဗုဒ္ဓ ဘာသာပညာရေးစင်တာ (IBEC) ဆရာတော်ဒေါက်တာဘဒ္ဒန္တ သောဘိတနှင့်ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးစိုးဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များကော်မတီတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားအသင်းအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “နှီးနှောဖလှယ်ခြင်း ဆိုတာကတော့ တစ်ဦးချင်းတတ်သိနားလည်တဲ့ ပညာရပ်တွေကို မိမိတို့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း ဖြစ်ပါတယ်။ အတွေးအမြင်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် လူတွေဟာ ကိုယ်ရရှိထားတဲ့ ပညာ၊ အတွေ့အကြုံ၊ အတွေးအမြင် အမျိုးမျိုးရှိနိုင်ပြီး အဲဒီအတွေးအမြင် တွေအရ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေဟာ ကွဲပြားကြမှာဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ဦးနဲ့ တစ်ဦးဟာ အမြင်ခြင်းမတူညီနိုင်ဘူးဆိုတဲ့ အခြေခံသဘောထားကို နားလည်လက်ခံရပါမယ်။ ဒီမတူညီတဲ့ အမြင်တွေကို စုစည်းပြီးပညာရေးနဲ့ ပတ်သက်လို့ ဘယ်လို အားနည်းချက်တွေ၊ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဘယ်အရာတွေက ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာတွေကို ယနေ့မှာဆွေးနွေး ညှိနှိုင်းပြီး နိုင်ငံ့ပညာရေးအတွက် အကောင်းဆုံးအဖြေရှာကြဖို့ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ အခြေအနေ (၂) မျိုးရှိနိုင်ပါတယ်။ တစ်ခုက အတိတ်က အခြေအနေ တွေကို ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲတာနဲ့ နောက်တစ်ခုက အနာဂတ် အတွက်မျှော်မှန်းပြီး ပြုပြင်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဘယ်စနစ်ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲတယ်ဆိုတာ မလွယ်ကူလှပါဘူး။ စနစ်ကို ပြောင်းလဲမယ်ဆိုရင် ပထမဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်မဲ့သူတွေ ကိုယ်တိုင်က မိမိတို့ရဲ့ mind-set ကို အရင်ပြောင်းရပါမယ်။ mind-set ဆိုတာ မြန်မာလို ဘာသာပြန်ရတာ အင်မတန်မှ ခက်ပါတယ်။ ဒါကြောင့်မို့လို့ mind-set လို့ပဲသုံးတာပါ၊ ကျွန်မက မြန်မာလို ပြောတဲ့အခါကျရင် တခြားအင်္ဂလိပ် အသုံးအနှုန်းတွေကို သုံးတာကိုသိပ်ပြီးတော့ အားမပေးပါဘူး။ အဲဒါကိုလည်း ကျွန်မတို့ရဲ့ ပညာရေးကဏ္ဍမှာရှိတဲ့သူတွေအားလုံးလည်း သတိချပ်စေချင်ပါတယ်။ တတ်နိုင်သလောက် ကိုယ့်ဗမာမှု ပြုပါ။၊ ဗမာမှု မပြုနိုင်မှဘဲ အရင်မူလအတိုင်း ထားစေချင်ပါတယ်။ အဲဒီလိုပြောင်းဖို့လည်း သတ္တိရှိရပါမယ်။ အဲဒီလို ပြောင်းလဲခြင်းကရလာတဲ့ ရလဒ်တွေ၊ ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေကိုလည်း ခံနိုင်ရည်ရှိရပါမယ်။ ဘယ်ဟာက ပြုပြင်ပြောင်းလဲသင့်တယ်၊ ဘယ်ဟာကမပြောင်းလဲသင့်ဘူးဆိုတာ ခွဲခြားသိတာဟာလည်း ပညာပဲဖြစ်ပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲဖို့ ဆိုတာ ပညာအမြော်အမြင်ရှိမှ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟာ ဉာဏ်ပညာ အမြော်အမြင်ရှိစေဖို့ ဦးတည်နေတဲ့စနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီမှာပညာနဲ့ အမြော်အမြင်ကို နည်းနည်းလေး ခွဲခြားပြီးတော့ သတိပြုစေချင်ပါတယ်။ ပညာဆိုတာကတော့ သင်ယူလို့ရတယ်။ အမြော်အမြင်ကတော့ ဒီပညာပေါ်မှာ အခြေခံပြီးတော့ နောင်ဘာဖြစ်နိုင်တယ်၊ ဖြစ်လာတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို မြော်မှန်းနိုင်တဲ့ အရည်အချင်းလို့ပဲ ကျွန်မကတော့မြင်ပါတယ်။
ကမ္ဘာ့ပညာရှင်တွေရဲ့ လေ့လာချက်အရ “ပညာရေးဟာကမ္ဘာကို အကောင်းဆုံး တည်ဆောက်နိုင်တဲ့အရာ” လို့ မှတ်သားရပါတယ်။ နိုင်ငံတစ်ခု ဖွံဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ အသိပညာ ဗဟုသုတ ပြည့်ဝမှုတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကမူတည်နေ ပါတယ်။ ဒါကြောင့် အရည်အသွေးရှိတဲ့ ပညာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်ကြရပါမယ်။ ဒီလိုတည်ဆောက်ဖို့ဆိုရင် လက်ရှိပညာရေးစနစ်တွေ၊ သင်ကြားနည်းတွေ၊ ပညာရေးစီမံခန့်ခွဲမှုတွေ၊ ဆရာ့ အရည်အသွေးတွေကို လေ့လာဆန်းစစ်ဖို့လိုပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲဖို့ဆိုရင် အစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်ပြီး အောင်မြင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မလွယ်ကူရုံတင်မကပါဘူး၊ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ပြောလို့ရပါတယ်။ ပြည်သူတွေ၊ ပညာရေးနဲ့ ပတ်သက်ဆက်နွယ်သူ အားလုံးပူးပေါင်း ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး “ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေက ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံ ကူညီဆောင်ရွက်ပေးနေတာဟာ ဝမ်းသာစရာကောင်းပါတယ်။ ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ဆက်ပြီးတော့လည်း ကူညီပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။
အခုဆိုရင် အခြေခံပညာကဏ္ဍမှာ KG + 12 ပညာရေးစနစ်သစ်ကိုပြောင်းလဲ အကောင်အထည်ဖော်ခြင်းအားဖြင့် ကလေးတွေဟာ နိုင်ငံ့သားကောင်း သမီးမွန်တွေအဖြစ် သူတို့မှာရှိသင့်တဲ့ ၂၁ ရာစု ကျွမ်းကျင်မှုတွေ ရရှိမှာဖြစ်တဲ့အတွက် အလွန်ဝမ်းသာစရာ ကောင်းပါတယ်။ ဒီစနစ်သစ်ပြုပြင်ပြောင်းလဲမှုဟာ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ပြီးမြောက်မှာဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ပညာရေးစနစ်ကို တိုင်းတာမယ်ဆိုရင် ကိန်းဂဏန်းတွေ၊ အညွှန်းကိန်းတွေအရ ဆုံးဖြတ်နေတာကို တွေ့ရပါတယ်။ တကယ်တော့ ကျောင်းသား တစ်ယောက် ဘယ်လောက်တတ်မြောက် သွားသလဲဆိုတာကို ကြည့်မယ်ဆိုရင် အကြောင်းအရာတွေကို ဘယ်လိုစဉ်းစားတွေးခေါ်နိုင်တယ်၊ ပြဿနာတွေကို ဆင်ခြင်သုံးသပ်ပြီး ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာတွေနဲ့ပဲ တိုင်းတာရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပညာရည် စစ်ဆေးအကဲဖြတ်မှု ပုံစံမျိုးတွေနဲ့ပဲ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီပြဿနာဖြေရှင်း နိုင်ခြင်းဟာ ပညာရေးအဆင့်ကို ပြတယ်ဆိုပြီးတော့ သုံးသပ်ခဲ့တာတော့ကြာပါပြီ၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျွန်မတို့ တွေ့ရတာတော့ တချို့ဒီလိုပုံစံနဲ့ သုံးသပ်တဲ့အခါမှာ ပညာရေးအရ အကောင်းဆုံးဆိုတဲ့ နိုင်ငံတွေမှာတောင်မှ ပညာရေးစနစ်ဟာအခုခေတ်ရဲ့ လိုအပ်မှုနဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီတာတွေကို တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က တစ်ချိန်လုံးပဲအခြေအနေတွေကို စမ်းသပ်ပြီးတော့၊ သုံးသပ်ပြီးတော့ ပြောင်းလဲနေဖို့ လိုပါတယ်။
ဆရာတွေဟာ ကျောင်းသားတွေကို သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာတွေသာမက ပြင်ပအကြောင်းအရာ တွေကိုပါ ဆက်စပ်လေ့လာတတ်ဖို့အတွက် အချက်အလက် စုဆောင်းခြင်း၊ စိစစ်ခြင်း၊ အဖြေရှာခြင်း၊ ဆွေးနွေးခြင်း စတာတွေဆောင်ရွက်နိုင်အောင် Team Work, Group Work, Project Activities, Case Study Method စတဲ့သင်ကြား သင်ယူမှုလုပ်ငန်းတွေနဲ့ ခေတ်မီသင်ကြားသင်ယူမှုနည်းပညာတွေကို အသုံးပြုဖို့ လိုပါတယ်။ အစုအဖွဲ့နဲ့ Team Work နဲ့ Group Work ဘယ်လိုကွာလဲဆိုတာကတော့ ဒါလည်း ကျွန်မတို့ စဉ်းစားရတာပါ။ ကျွန်မမြင်တာကတော့ Team Work ဆိုတာကတော့ ပိုပြီးတော့ အတိအကျ သတ်မှတ်ထားတဲ့ အဖွဲ့တစ်ခုပါ။ Team တစ်ခု၊ အဖွဲ့တစ်ခုထူထောင် ပြီးတော့ အဲဒီအဖွဲ့အတွင်းမှာ သတ်မှတ်ပြီးတော့ လုပ်တာ၊ Group Work ဆိုတာကတော့ စုပေါင်းပြီးတော့ လုပ်တဲ့ဟာ ဒါအဖွဲ့တစ်ခု အနေနဲ့ သတ်သတ်မှတ်မှတ် ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် စုပေါင်းပြီးတော့ လုပ်တဲ့ကိစ္စ။ Project Activities ဆိုတာကတော့ စီရင်ချက်တစ်ခု လုပ်ငန်းတစ်ခုကို အတူတူလုပ်ကြတဲ့ဟာဖြစ်ပါတယ်။ ဒီလုပ်ငန်းပြီးရင် ဒီအဖွဲ့က ဆက်ပြီးတော့ အတူတူလုပ်ချင်မှလုပ်မှာ၊ ဒါလုပ်ငန်းတစ်ခုအတွက်သာ စုပေါင်းပြီးတော့ လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ နောက် Case Study Method ဆိုတာကလည်း ကိစ္စရပ်တစ်ခုကို သေသေချာချာ လေ့လာပြီးတော့ အဲဒီဟာကိုဘယ်လို ကိုင်တွယ်မယ်၊ ဘယ်လိုချဉ်းကပ် မလဲဆိုတာကို ကျွန်မတို့စဉ်းစား ပြီးတော့ လုပ်ဆောင် ခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ဒီဟာတွေကိုအဆင့်ဆင့် အောင်မြင်အောင်လုပ်ဖို့ အရေးကြီးပါတယ်။
လူသားအရင်းအမြစ် တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုလူသား အရင်းအမြစ်ကို တည်ဆောက်မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ “ဆရာ”ဟာ “အခရာ”ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘယ်လိုအရည်အသွေးရှိတဲ့ ဆရာမျိုးဖြစ်သင့် သလဲ၊ အရည်အသွေးရှိအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားပြီးအကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
ဆရာတွေဟာ ကလေးတွေကို အတွေးအခေါ် မြင့်မားအောင် လေ့ကျင့်ပျိုးထောင်နိုင်ဖို့ဆိုရင် ကိုယ်တိုင် စာပေဖတ်ရှု လေ့လာဖို့လိုပါတယ်။ တကယ်တော့ဆရာတွေဟာ တစ်သက်တာ လေ့လာသင်ယူနေသူတွေ ဖြစ်သလို ပညာရပ်ဆိုင်ရာအရည်အသွေး၊ ဆရာ အတတ်ပညာဆိုင်ရာ အရည်အသွေး၊ အင်္ဂလိပ်စာ၊ ICT တတ်ကျွမ်းမှုတွေလည်း ဘဝတစ်သက်တာ ကိုယ်တိုင်လေ့လာ သင်ယူပြီးမြှင့်တင်ထားရမှာ ဖြစ်ပါတယ်။
ယနေ့ဆရာတွေကို ခေတ်ကို ရင်ဘောင်တန်းနိုင်ဖို့၊ အခြားနိုင်ငံရဲ့ ပညာရေးတွေနဲ့ ဗဟုသုတတွေကို လေ့လာဖို့အတွက် website တွေသုံးပြီး လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီလို website သုံးတဲ့ အခါမှာ ဘာသာစကား ကျွမ်းကျင်မှု လိုလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအသုံးပြုတဲ့ ဘာသာစကား ကိုလည်း အသုံးပြုနိုင်အောင် လေ့လာကြပါလို့ မှာချင်ပါတယ်။
ယခုဆိုရင် ပညာရေးဝန်ကြီးဌာနဟာ “သာတူညီမျှမှုကို အခြေခံသော ဆရာ၊ ဆရာမများရဲ့ အရည်အသွေး စဉ်ဆက်မပြတ် တိုးမြှင့်ရေးအတွက် အညွှန်းဘောင်”ကို ရေးဆွဲနေဆဲ ဖြစ်တယ်ဆိုတာသိရပါတယ်။ ဒီလိုရေးဆွဲ အသုံးပြု အကောင်အထည်ဖော်တဲ့အတွက် ဆရာတွေဟာ တစ်သက်တာ သင်ယူမှု အခွင့်အလမ်းတွေ ရရှိပြီး ဆရာအတတ်ပညာ အရည်အသွေးများ စဉ်ဆက်မပြတ် တိုးတက်လာမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက “သာတူညီမျှအခွင့်အရေး” နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ သာတူညီမျှအခွင့်အရေး ဆိုတာ လူ့အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ပညာရေးနယ်ပယ်မှာရှိကြတဲ့ ဆရာတွေ၊ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ အားလုံးဟာ တန်းတူညီမျှအခွင့်အရေး (Equality) ကို ရရှိဖို့ လိုအပ်သလို တစ်ဦးချင်းစီမှာရှိတဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို စဉ်းစားပြီး ဖြည့်ဆည်းပေးနိုင်မယ့် သာတူညီမျှ အခွင့်အရေး (Equity) ရရှိဖို့လည်း အရေးကြီးပါတယ်။
ဘယ်နေရာမှာမဆို ခွဲခြားဆက်ဆံမှုတွေရှိနေသမျှ ပြဿနာတွေအမြဲရှိနေပြီး ငြိမ်းချမ်းမှုဆိုတာ ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် (အိမ်တွေမှာ၊ ကျောင်းတွေမှာ၊ ရုံးတွေမှာ၊ ပတ်ဝန်းကျင်မှာ၊ ကမ္ဘာကြီးမှာ) ခွဲခြား ဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။ တကယ်တော့ သာတူညီမျှ အခွင့်အရေး မရဘူးဆိုရင် “ပြစ်ပယ်ခံရခြင်း” ဆိုတဲ့အကြောင်းအရာတွေ ရှိလာမှာအမှန်ပါပဲ။ ဒါ့ကြောင့် ပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ “ပြစ်ပယ်ခံရခြင်း”ဆိုတဲ့ အရာတွေရှိနေတယ် ဆိုတာကို သတိပြုသင့်ပါတယ်။
ပဋိပက္ခအားလုံးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတာဟာသဘာဝပါပဲ။ အဲဒီ ပဋိပက္ခတွေကို အဖြေရှာရင်း အတူတကွ ပေါင်းသင်းဆက်ဆံရေး ခိုင်မြဲသွားတာ၊ ပိုမိုကောင်းမွန် ငြိမ်းချမ်းတဲ့ အခြေအနေ ရရှိသွားတာ လည်းရှိနိုင်ပါတယ်။
ပညာသင်ကြားမှုနဲ့ သင်ယူမှုဖြစ်စဉ် တစ်လျှောက်လုံးမှာ လူတိုင်းအကျုံးဝင်ရေးနဲ့ မျှတရေးဟာ အလွန်အရေးကြီးပါတယ်။ ကလေးတိုင်းပညာသင်ခွင့်ရရှိရေးမှာ ဖယ်ကြဉ်ထားမှု၊ ချန်လှပ်ထားမှု၊ ကွာဟမှု များနဲ့ မမျှတမှုများ အားလုံးကို ကျွန်မတို့ အလေးထား သတိပြုသင့်ပါတယ်။ ပညာရေးဝန်ကြီးဌာန အနေနဲ့လည်း “လူသားအားလုံး အကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူ နိုင်ရေးနှင့် အစဉ်လေ့လာ သင်ယူနိုင်သော အခွင့်အလမ်းရရှိရေး” ဆိုတဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်-၄ (Sustainable Development Goal-4) ပေါက်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။
ကျွန်မတို့ဟာ အစိုးရကျောင်းတွေကို ခိုင်မာအောင် တည်ဆောက်ရမှာဖြစ်သလို ပုဂ္ဂလိကကျောင်းတွေ ဖွံ့ဖြိုးတိုးတက်လာတာကိုလည်း အားပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံး ပညာရေးကို ပေးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ မိဘတွေမမြင်စေချင်ပါဘူး။ အစိုးရ ကျောင်းတွေရဲ့ အရည်အသွေးနဲ့ ပုဂ္ဂလိက ကျောင်းတွေရဲ့ အရည်အသွေးကွာဟမှု နည်းလာအောင်လည်း ဆောင်ရွက်ဖို့လိုပါတယ်။
ကျွန်မတို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတာ ဖြစ်နေသေးတဲ့အတွက် ပညာရေးအသုံးစရိတ် ကို မျှော်မှန်းထားသလောက် မသုံးနိုင်သေးပါဘူး။ ဒါပေမဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေမှာ တတ်နိုင် သလောက် ကျခံသုံးစွဲနေပါတယ်။ ပညာရေးအသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ သုံးစွဲဖို့လိုအပ်နေဆဲဖြစ်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ အခုဆိုရင် ကျောင်းထောက်ပံ့ကြေးတွေ ပေးနေတဲ့အပြင် အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော်နေတဲ့အတွက် မိဘတွေဟာမိမိတို့ ကလေးတွေအတွက် ပညာရေးမှာ သုံးစွဲရမယ့် အသုံးစရိတ်တွေ ယခင်ကထက် သိသိသာသာ လျော့ကျပြီး အခမဲ့ပညာရေးစနစ်ရဲ့ အကျိုးကျေးဇူးတွေကို ခံစားနေကြရပြီ ဖြစ်ပါတယ်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ ထူးချွန်ထက်မြက်တဲ့ “လူသား” တွေကို မွေးထုတ်ပေးဖို့အတွက် ကျောင်းသား၊ လူငယ်တွေကို ကျန်းမာခိုင်ခံ့အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
ကျောင်းသားလူငယ်များမှာ ငြိမ်းချမ်းတဲ့စိတ်တွေဖြစ်ပေါ်စေဖို့ ပန်းချီ၊ ဂီတစတဲ့ အနုပညာ၊ ရသပညာတွေကို လေ့ကျင့်သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။ ယနေ့ခေတ် လူငယ်များ နှစ်သက်စွဲလန်းနေကြတဲ့ အလွန်အကျွံ ဂိမ်းကစားခြင်းဟာ ကောင်းကျိုးမပြုတဲ့အတွက် ဆရာတွေ မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့၊ ထိန်းသိမ်းလမ်းညွှန်ပေးဖို့လည်း လိုအပ်ပါတယ်။
မူယစ်ဆေးဝါး တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို လူထုလှုပ်ရှားမှုအသွင်နဲ့ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းသားများကို သင်ကြားဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ကျောင်း စာကြည့်တိုက်တွေ၊ စာကြည့်ခန်းတွေ ဖွင့်လှစ်ပေးပြီး ကလေးတွေရဲ့ အသက်အရွယ်နဲ့ကိုက်ညီတဲ့ စာအုပ်၊ စာပေတွေကို လည်း ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ကျောင်းသားလူငယ်များ တက်ကြွစွာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ မိမိကိုယ် မိမိအရေးပေါ် ဘယ်လိုကာကွယ်ရမယ် ဆိုတဲ့ နည်းလမ်းတွေကိုလည်းသင်ကြားပေးဖို့ လိုပါတယ်။ ကျောင်းသား လူငယ်များကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေ ပြန့်ပွားစေဖို့ “ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်” စာအုပ်တွေကို အခြေခံပညာ ကျောင်းတွေမှာ အခမဲ့ ဖြန့်ဝေပြီးသင်ကြားနေပြီလို့ သိရပါတယ်။
ဒီလိုသင်ကြားပေးမှသာ အမှန်တရားကို ရှုမြင်သုံးသပ်နိုင်တဲ့ အရည်အသွေးနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးတွေ မြင့်မားလာပြီး “ငြိမ်းချမ်းမှုပညာရေး”ကို အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီမှာပြဿနာနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ကျွန်မအမြဲပဲပြောပါတယ်။ ပြဿနာက ပြဿနာမဟုတ်ဘူး၊ ပြဿနာကိုဖြေရှင်းပုံ ဖြေရှင်းနည်းမှန်ဖို့ကသာ ပြဿနာ ဖြစ်ပါတယ်။ ပြဿနာကိုဖြေရှင်းပုံ ဖြေရှင်းနည်း မမှန်ရင် ဘယ်ပြဿနာကိုမှ ကျွန်မတို့ ရေရှည်အတွက် ကောင်းမွန်စွာဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ပညာအဆင့် တိုးတက်လာတာနဲ့အတူ နိုင်ငံကလည်းတိုးတက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတိုးတက် လာတာနဲ့ “ရေမြင့်လျှင် ကြာတင့်တယ်” ဆိုတဲ့စကားလိုပဲ ကျွန်မတို့ရဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အဆင့်အတန်း ကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပညာရေးလုပ်ငန်းမှာ အောင်မြင်ဖို့ဆိုရင် ဆရာ ဆရာမတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ပညာအရည်အသွေး မြင့်မားဖို့ဆိုရင် ကလေးတစ်ဦးချင်းရဲ့ ပညာသင်ယူမှု အခွင့်အလမ်းရရှိမှု၊ ဆရာတစ်ဦးချင်းရဲ့ ဆရာ့အရည် အသွေး ပြည့်မီမှု၊ ပညာအရည်အသွေးတွေ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆန်းစစ် သုံးသပ်ပြီး အရည်အသွေးမီ ပညာရေးဝန်ဆောင်မှု ပေးနိုင်မယ့်လုပ်ငန်းတွေကို ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ဒါ့အပြင် အခြေခံပညာရေးရဲ့ အဓိက ရည်မှန်းထားတဲ့ (၁) နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေး၊ (၂) အတူတကွ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းရေး၊ (၃) တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ ကလေးတွေ ဖြစ်လာရေးနဲ့ (၄) ဆန်းစစ်တီထွင်ဖန်တီးတတ်တဲ့ ကလေးတွေ ဖြစ်လာစေရေး စတဲ့နိုင်ငံ့ရဲ့ ရေရှည်အနာဂတ်မှာ အားကိုးအားထားပြုရမယ့် မျိုးဆက်သစ်တွေ ဖြစ်ထွန်းလာရေးအတွက် အခြေခံပညာကဏ္ဍ ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်တဲ့အခါမှာ မိဘပြည်သူတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ ပညာရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သူတွေအားလုံးက ဟန်ချက်ညီညီနဲ့ ပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ အရည်အသွေးရှိတဲ့ ပညာရေးစနစ်ကို ပြောင်းလဲတည်ဆောက် နိုင်ဖို့ဆိုရင် မိမိသာမက အခြားသူများပါ လေ့လာသင်ယူပြီး ဖွံ့ဖြိုးတိုးတက်နေဖို့ လိုပါတယ်။ တကယ်တော့ ပညာဆိုတာ လက်ဆင့်ကမ်းရမယ့်အရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တတ်ထားတဲ့ပညာတွေ၊ အတွေ့အကြုံတွေ၊ အကြံပြုလိုတဲ့ အချက်တွေကို ဆွေးနွေးဖလှယ်ပြီး အခြေခံပညာကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ အရွေ့တစ်ခုမှာ သမိုင်းမှတ်တိုင် အဖြစ် ကျန်ရစ်နိုင်ဖို့ အကောင်းဆုံးဆွေးနွေး အကြံပြုပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့အခုဒီလို ဆွေးနွေးတဲ့အခါမှာ ကိုယ်ကချည်းပဲ မှန်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးလို့မဖြစ်ပါဘူး။ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်ဆိုတာ အစကတည်းက ကိုယ်လည်း မှားနိုင်တယ်၊ ဟိုဘက်ကလည်း မှန်နိုင်တယ်ဆိုတာကို နှလုံးသွင်းမှသာ ကျွန်မတို့ တကယ်ရှေ့ကိုတိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အခုဒီမှာ ဆွေးနွေးတယ်ဆိုရင် သူများတွေရဲ့အမြင်ကိုနားထောင်ပါ။ သူများ တွေရဲ့အမြင်ဟာ၊ အတွေးတွေဟာ ကိုယ်နဲ့မတူလို့ရှိရင် ဘာကြောင့် မတူသလဲ၊ ဘယ်ဟာက ပိုပြီးတော့ ကျွန်မတို့နိုင်ငံအတွက် သင့်တော်သလဲ ကျွန်မတို့ရဲ့ခေတ်မှာ ဘယ်ဟာက ပိုပြီးတော့ ဆီလျော်သလဲဆိုတာ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ စဉ်းစားတဲ့ အခါမှာလည်း တစ်ရက်အတွက်၊ တစ်နှစ်အတွက်၊ နှစ်နှစ်သုံးနှစ်အတွက် မဟုတ်ဘဲနဲ့ ကျွန်မတို့နိုင်ငံရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် စဉ်းစားပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် တည်ဆောက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြပါလို့ ဆော်ဩရင်းနဲ့ နိဂုံး ချုပ်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဓာတုဗေဒဘာသာရပ်ပြခန်းနှင့် Home Economic ပြခန်း၊ အခြေခံပညာဦးစီးဌာန ICT ပြခန်းနှင့်ပညာရေးအတွက် ၃၆၀’ ED ပြခန်း၊ နေပြည်တော် ပညာရေးမှူးရုံး သင်ရိုးသစ် သင်ထောက်ကူပစ္စည်းပြခန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ပညာရေး တက္ကသိုလ် သစ်လွင်လှပ ဆန်းသစ်ပညာသုတေသနပြခန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနပြခန်း၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ပြခန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဦးစားပေးလုပ်ငန်းစဉ် (၇) ရပ်နှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်ပြခန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး သိပ္ပံနှင့် Recycle Art ပြခန်းတို့အား လိုက်လံကြည့်ရှု အားပေးသည်။ (သတင်းစဉ်)



Bookmark the permalink.

Comments are closed.