၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


Date : 30 January, 2020

4

Jan 30
ရန်ကုန် ဇန်နဝါရီ ၃၀
၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ တွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်း အမှတ်အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ Holocaust ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို လေ့လာလျှင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သုတ်သင်ခြင်း၊ အသိုင်းအဝိုင်းအတွင်း ခွဲခြားဆက်ဆံခြင်းနှင့် အထီးကျန်စေ ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆို ကြကြောင်း၊ ယနေ့လူသားများသည် အဆိုပါကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရန်တာဝန်ရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယင်းသို့သော အဖြစ်အပျက်မျိုးကို တားဆီးကာကွယ်နိုင်ရန် အသိပညာပေး အစီအစဉ်များ၏ အရေးပါပုံကို သတိပြုမိကြပါကြောင်း၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက် ၆၀/၇ တွင် The Holocaust and the United Nations အစီအစဉ်ကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာတွင် လူမျိုးတုံးသတ်ဖြတ်မှု များကို တားဆီးကာကွယ်နိုင်ရန်အတွက် သင်ခန်းစာများ လေ့လာခြင်းကို အားပေးရန် ဖော်ပြထားကြောင်း၊ ဒုတိယကမ္ဘာစစ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အကြား ဖြစ်ပွားခဲ့သော ဂျူးလူမျိုးများကို သုတ်သင်ရှင်းလင်းမှုမှာ လူ့သမိုင်းတစ်လျှောက် ကြောက်ဖက်ဖွယ် အကောင်းဆုံး အဖြစ်အပျက်ပင်ဖြစ်ပါကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပေါ်ခဲ့သော လူသားအမှားများကို ခံစားခဲ့ကြရသော လူကြီးများ၏ အတိတ်သမိုင်း သင်ခန်းစာများအရ လူငယ်လူရွယ်များကို ပညာပေးခြင်းသည် လူမဆန်သောပြစ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကဲ့သို့သော လူသားအမှားများ ထပ်မံမပေါ်ပေါက်စေရေးအတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ တာဝန်ကျေသော အဖွဲ့ဝင်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ ဂျာမနီ၊ ပြင်သစ်၊ အစ္စရေးသံရုံးများ၏ အကူအညီဖြင့် Holocaust Day အထိမ်းအမှတ် အခမ်းအနား များကို ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ်ကျင်းပပေးလျက် ရှိပါကြောင်း၊ Holocaust ဆိုင်ရာ သင်ခန်းစာပို့ချခြင်း၊ အတွေ့အကြုံ ဝေမျှခြင်းဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေး အသိုင်းအဝိုင်းများအကြား ငြိမ်းချမ်း သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးဟူသော ကလေးဘဝ အသိစိတ်ဓာတ်သည် သည်းခံမှု၊ ခွင့်လွှတ်မှုတည်း ဟူသော စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအရင်းအမြစ်ဖြစ်သဖြင့် အဆိုပါ Holocaust ပညာရေးကို ဝိုင်းဝန်းအားပေး မြှင့်တင်ကြရန် အရေးကြီးပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် Holocaust ပညာရေးကို ပူးပေါင်းအားပေး သင်ကြားရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Jost က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာ ကို ဗွီဒီယိုဖြင့် ပြသသည်။
ထို့နောက် အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor၊ ဂျာမနီသံအမတ်ကြီး H.E. Mr. Thomas Neisinger နှင့် ချက်နိုင်ငံသံအမတ်ကြီး H.E. Mrs. Hana Mottlova တို့က မိန့်ခွန်း ပြောကြားကြသည်။
ယင်းနောက် ကိုအောင်ပြည့်စုံနှင့် ကိုဇေယျာလင်းတို့က “When the Heart Cries” သီချင်းကို မြန်မာ့စောင်းဖြင့် တီးခတ်ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ်၊ သံအမတ်ကြီးများနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့က အထိမ်းအမှတ် ဖယောင်းတိုင်မီးထွန်းညှိခဲ့ကြပြီး ဗွီဒီယိုမှတ်တမ်းပြသခြင်း၊ အမှတ်တရသီချင်း တီးခတ်ခြင်းများ ဆောင်ရွက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.