ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပညာတော်သင် အသိပညာမျှဝေဆွေးနွေးပွဲ (၁/၂၀၂၀) Sharing Insights Gained From Overseas Training Programmes (1/2020) အခမ်းအနားကျင်းပ


Date : 31 January, 2020

2

Jan 30
နေပြည်တော် ဇန်နဝါရီ ၃၁

ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပညာတော်သင် အသိပညာမျှဝေဆွေးနွေးပွဲ (၁/၂၀၂၀) အခမ်းအနားကို ယနေ့ နံနက် ၁ဝနာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သဘောတူခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာတော်သင်များကို ပြည်ပနိုင်ငံများသို့ ဘွဲ့သင်တန်း၊ ကာလတိုသင်တန်းများ တက်ရောက်ရန် စေလွှတ် လျက်ရှိကြောင်း၊ ပြည်ပသင်တန်းအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြသော ပညာတော်သင်များအနေဖြင့် မိမိတို့ သင်ယူခဲ့သော ပညာရပ်များ၊ မိမိ၏ လုပ်ငန်းခွင်နှင့်ဆက်စပ်၍ အကျိုးရှိထိရောက်စွာ ပြန်လည်အသုံးချမည့် အစီအစဉ်များကို ပြန်လည်မျှဝေဆွေးနွေးကြမည်ဖြစ်သဖြင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ယူခဲ့သော ပညာဗဟုသုတများနှင့် သင်တန်းမှရရှိခဲ့သော အကျိုးကျေးဇူးများကို ယနေ့ တက်ရောက်လာသော ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် ဆရာဆရာမများကလည်း သိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးကြရန် မှာကြားပါသည်။
ထို့‌နောက် ပညာတော်သင် အသိပညာမျှဝေမှု သုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က Presentation တင်ပြမှုဆိုင်ရာ လိုက်နာရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပါသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Huazhong University of Science and Technology တွင် ၂၀၁၆ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ Journalism ဘာသာရပ်ဖြင့် ပါရဂူသင်တန်းသို့ တက်ရောက်ခဲ့သည့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကတိက ဒေါက်တာဆုသီရိဇော်က လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁၉ရက်မှ ၂၃ရက်နေ့ အထိ Training of Trainer Pools for International Organizational for Standardization သို့ တက်ရောက်ခဲ့သည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်ထွန်းနှင့် အဖွဲ့ကလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ တက်ရောက်ခဲ့သော မန္တလာဒီဂရီကောလိပ်မှ ကထိက ဒေါက်တာတင်မျိုးသန့်ကလည်းကောင်း၊ စင်ကာပူနိုင်ငံ SEMEO RELC တွင်၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၆ရက်နေ့မှ ၂၃ရက်နေ့အထိ Specialist Certificate in Teaching Listening and Speaking သို့ တက်ရောက်ခဲ့သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ လက်ထောက်ကထိက ဦးအောင်မျိုးဟိန်းနှင့် ရေနံချောင်းဒီဂရီကောလိပ်မှ လက်ထောက်ကထိက ဒေါ်အိသန္တာဝင်းကလည်းကောင်း ပြည်ပ သင်တန်းများမှရရှိခဲ့သော အသိပညာများကို PowerPoint ဖြင့် Presentation တင်ပြရှင်းလင်းပြီး တက်ရောက်‌ကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲကို ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။



Bookmark the permalink.

Comments are closed.