ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Model ASEAN Meeting Myanmar 2020 ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား


Date : 17 February, 2020

2

Feb 17
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် MAMM Organizing Committee တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် Model ASEAN Meeting Myanmar 2020 ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဤအခမ်းအနားသို့ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည့် လူငယ်များအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ လုပ်ငန်းစဉ်များကို တစ်သားတည်း ဖြစ်အောင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး လူငယ်များ အရှေ့တောင်အာရှ နိုင်ငံများနှင့် သံခင်း တမန်ခင်း ဆက်ဆံရေး အသိရှိစေရန် ၊ အာဆီယံနှင့် မြန်မာတက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့် သံတမန်ရေးနှင့် ပတ်သက်သော လေ့လာမှုကို လက်တွေ့ပြုလုပ် နိုင်သည့် လက်တွေ့စမ်းသပ်မှုမှတစ်ဆင့် ပူးပေါင်းပါဝင်မှုကိုမြှင့်တင်ရန်၊ ကြိုတင်ညှိနှိုင်းခြင်း၊ လူထုနှင့်ထိတွေ့ဆက်ဆံခြင်း၊ ပြဿနာများ ဖြေရှင်းခြင်းဖြင့် သုတေသနနှင့် ခေါင်းဆောင်မှု စွမ်းရည်များ ရှိလာစေရန် ရည်ရွယ်လျက် Model ASEAN Meeting Myanmar 2020 ကိုကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော လူငယ်အားလုံးသည် “ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဒေသတွင်းချိတ်ဆက်မှု မြှင့်တင်ခြင်း” ခေါင်းစဉ်အောက်ရှိ ခေါင်းစဉ်ခွဲ (၃) ခုဖြစ်သည့် “ ဒေသတွင်းအဖွဲ့ အစည်းများ တည်ထောင်ခြင်းကို အားပေးမြှင့်တင်ခြင်း”၊ “ ပြောင်းလဲလာသော စီးပွားရေးနှင့် သဟဇာတဖြစ်စေခြင်း”နှင့်“ ဆိုက်ဘာအမှုအခင်းများ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း” တို့အပေါ် တက်ကြွစွာ ဆွေးနွေးလေ့ကျင့်ခဲ့ပါကြောင်း၊ ယနေ့အခမ်း အနားသို့ တက်ရောက်လာသော လူငယ်များအနေဖြင့် သံတမန် တစ်ဉီး၏ အခန်းကဏ္ဍသည် မည်မျှအရေးပါကြောင်းကို သိရှိနားလည်သကဲ့သို့ သံတမန်တစ်ဉီး၏ အတွေ့အကြုံ ကောင်းများစွာကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် နိုင်ငံ၏စီပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေမည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုကို အလေးထားမြှင့်တင် ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဒေသတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲရန် စီစဉ်ဆေင်ရွက်လျက် ရှိပါကြောင်း ၊ကျောင်းသား ကျောင်းသူများ အနေဖြင့် လူသားကောင်း များဖြစ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်မှုဟူသော လူ့တန်ဖိုး၏ အနှစ်သာရများကို လေ့ကျင့်မွေးမြူ သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ASEAN Foundation မှ Program Manager ဖြစ်သူ Mr.Mahmudi Yusbi က နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံကိုယ်စားပြု Head of Government အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နေရာတွင် အစားထိုးဝင်ရောက် ဆွေးနွေးခဲ့သည့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာ ကျောင်းသူ မထားမြတ်နဒီက Model ASEAN Meeting Myanmar တွင် ပါဝင်သည့် လူငယ်များအားလုံးကိုယ်စား ASEAN Chair Statement အာဆီယံဥက္ကဌ ကြေညာချက် Model ASEAN Meeting Myanmar တွင် ကျောင်းသားလူငယ်တွေ အာဆီယံ ခေါင်းဆောင်များနေရာ အစားထိုးဝင်ရောက် ဆွေးနွေးခဲ့သည့် အစည်းအဝေးမှတ်တမ်း ရလဒ်ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ အာဆီယံနိုင်ငံများမှ ကျောင်းသားကျောင်းသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အစည်းအဝေးသရုပ်ပြ ပုံစံငယ် (MAMM) ၂၀၂၀ အနေဖြင့် မြန်မာနိုင်ငံတွင် အာဆီယံ၏ပထမဦးဆုံး တရားဝင် အသိအမှတ်ပြုခြင်းခံရသည့် အာဆီယံအစည်းအဝေး သရုပ်ပြပုံစံငယ် ဖြစ်သည်။ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအစည်းအဝေးသရုပ်ပြပုံစံငယ် (MAMM)တွင် မြန်မာနိုင်ငံအနှံ့ အပြားရှိ ကျောင်းသားများအတွက် အာဆီယံအသင်းကြီး၏ ဆုံးဖြတ်ချက် ချပုံလုပ်ငန်း စဉ်များကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ဖို့ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင် အသီးသီး၏နေရာ များတွင် ဝင်ရောက်အတွေ့အကြုံယူပြီး အာဆီယံ သရုပ်ပြပုံစံငယ်အစည်းအဝေးများတွင် ဆွေးနွေးကြခြင်းဖြစ်သည်။
MAMM 2020 တွင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ပါဝင်ရုံသာမက အာဆီယံနိုင်ငံများမှ ထူးချွန်ထက်မြက်သော လူငယ်များပါ ပါဝင်ဆွေးနွေးခြင်းဖြစ်သည်။ ထို့ပြင်အာဆီယံ ဖောင်ဒေးရှင်း မှကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာ အာဆီယံအစည်းအဝေး သရုပ်ပြပုံစံငယ်များကို ပါဝင်တက်ရောက်ရန် ရွေးချယ်ခံရဖူးသည့် ကျောင်းသားကိုယ်စားလှယ်ဟောင်းများမှ လမ်းညွှန်မှု ကိုလည်းရရှိထားသည်။ မြန်မာနိုင်ငံမှ ယခုအစီအစဉ်တွင်ပါဝင်သည့် ကျောင်းသား ကျောင်းသူများအား လက်ရှိ အာဆီယံနယ်ပယ်မှ သံတမန်များနှင့် မြန်မာနိုင်ငံမှ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်များပါဝင်ပြီး အခြားလူငယ် အစီအစဉ်များမှ ကျောင်းသား လူငယ်များမှ သင်တန်းပေးလေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Model ASEAN Meeting Myanmar 2020 သို့ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ကျောင်းသား ကျောင်းသူများနှင့် အာဆီယံနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ တက် ရောက်ကြပြီး နေပြည်တော်တွင် ဖေဖော်ဝါရီ (၁၅)ရက်မှ ဖေဖော်ဝါရီ (၁၇)ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.