ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်


Date : 19 February, 2020

9

Feb 19 sing-Myan
ရန်ကုန်-ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပသည့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (Singapore-Myanmar Vocational Training Institute – SMVTI) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးသော စင်ကာပူ သမ္မတနိုင်ငံ ပညာရေးဝန်ကြီး Mr. Ong Ye Kung နှင့် ဧည့်သည်တော်ကြီးများ အားလုံးကို လှိုက်လှဲ စွာ ကျေးဇူးတင်ရှိပါကြောင်း၊ လွန်ခဲ့သော ၂၀၁၄ ဧပြီလတွင် မြန်မာနိုင်ငံ နည်းပညာနှင့် သက်မွေး ပညာရေးဦးစီးဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းကို တည်ထောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနားကို စင်ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong ကိုယ်တိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားသည် အဆိုပါ သင်တန်းကျောင်းကြီးကို လွှဲပြောင်းပေးအပ်ပွဲ ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မားသော နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးရှိ၍ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော လုပ်သားအင်အားစုများကို ဖြည့်ဆည်းပေးရန် ကျွမ်းကျင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)နှင့်အညီ နည်းပညာနှင့် သက်မွေးပညာရေး သင်တန်းများသို့ ပိုမိုတက်ရောက် ခွင့်ရရှိရေး၊ အရည်အသွေးရှိသော ဒေသ လုပ်သားစျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော နည်းပညာနှင့်သက်မွေးပညာ သင်တန်းများ တိုးတက်အောင်မြင်ရေး၊ စွမ်းရည်အခြေပြုကာလတို သက်မွေး သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးကို ဦးတည်ကာ ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ သင်တန်းဆရာများ၏ အရည်အသွေး ကိုမြှင့်တင်ကာ သင်တန်းကျောင်းများနှင့် စက်ရုံအလုပ်ရုံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်နိုင်ခဲ့ခြင်းကြောင့် ယခုအခါတွင် နည်းပညာနှင့် သက်မွေးပညာကဏ္ဍအပေါ် ပြည်သူ များ၏ စိတ်ဝင်စားမှုနှင့် ယုံကြည်မှုများ တိုးတက်လာသည်မှာ အထင်အရှားပင် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းလျက် စင်ကာပူ-မြန်မာသက်မွေးပညာ သင်တန်းကျောင်း (SMVTI)၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE), နည်းပညာနှင့် သက်မွေးပညာဆိုင်ရာဆရာအတတ်သင်ကျောင်း (TTTI)၊ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း(JMASVTI)၊ ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း (NVTI) များတွင် နည်းပညာနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်လျက် ရှိပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းသည်လည်း ပြည်သူအများ စိတ်ဝင်စားပြီး ယုံကြည်အားကိုးသော ပထမတန်းစား သင်တန်းကျောင်းတစ်ကျောင်း ဖြစ်လာပါကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် စင်ကာပူ-မြန်မာ နားလည်မှု စာချွန်လွှာ၏ ပထမသက်တမ်း ကာလသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြီးမြောက်ပြီး နောက်ထပ် သုံးနှစ် စာချုပ်သက်တမ်း တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်အစိုးရက သဘောတူညီခဲ့သည့် အတွက် ၂၀၁၇ ခုနှစ် မတ်လတွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါတွင် ဒုတိယ သက်တမ်းကုန်ဆုံးတော့ မည်ဖြစ်ပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်း ကျောင်းသည် အခြေခံပညာပြီးမြောက်အောင်မြင်သည့် လူငယ် (၃၀၆၀)ဦးကို စက်မှုအင်ဂျင်နီယာ ပညာနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပညာများကို (၆)လ သင်တန်းများပို့ချနိုင်ခဲ့ကြောင်း၊ (၆၀) ရာခိုင်နှုန်းသော သင်တန်းဆင်းများသည် သက်ဆိုင်ရာနယ်ပယ်များ၌ အလုပ်ရရှိကြပြီး အချို့သည် နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့် ဟိုတယ်များတွင် ဦးဆောင်စီမံခန့်ခွဲသူ ရာထူးနေရာများကို ရရှိလျက်ရှိကြောင်းနှင့် အနာဂတ်တွင် နှစ်နိုင်ငံအစိုးရများ၏ ပံ့ပိုးမှုဖြင့် သင်တန်းဆင်းအားလုံး အလုပ်အကိုင်ရရှိရန် မျှော်လင့်ပါကြောင်းနှင့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းသည် စက်ရုံများ၊ ဟိုတယ်များနှင့် နားလည်မှုစာချွန်လွှာ(၁၈)ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်(၂)ခု လက်မှတ်ရေးထိုးထားသည်ဟု သိရှိရပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်း ကျောင်းသည် သင်တန်းသားများ အလုပ်အကိုင် ရရှိရေးအတွက်သာမက ပညာရပ်ကို စိတ်ဝင်စားလာစေရန်ကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ထူးချွန်ကျောင်းသား (၂၁၆)ဦးခန့်သည် အစိုးရစက်မှုလက်မှုသိပ္ပံများသို့ ဒီပလိုမာသင်တန်း ဆက်လက်တက်ရောက်ခဲ့ကြပါကြောင်း၊ ၎င်းတို့ထဲမှ အချို့ကျောင်းသားများသည် ပညာသင်ဆု အစီအစဉ်ဖြင့် ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ထိုင်းနိုင်ငံများတွင် ပညာသင်ယူနေကြသည် သာမက အလုပ်လုပ်ကိုင်နေကြပြီ ဖြစ်ပါကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်းသည် နှစ်နိုင်ငံ စက်ရုံများနှင့် လူငယ်များစွာကို အကျိုးပြုလျက် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိသော အသီးအပွင့်ပင် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် သင်တန်းဆရာများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သင်တန်းကျောင်း၏ အရည်အသွေး ရေရှည်တည်တံ့ ခိုင်မြဲနိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆာင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် စင်ကာပူနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr Ong Ye Kung က စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်း(SMVTI)နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စင်ကာပူ-မြန်မာသက်မွေးပညာ သင်တန်း ကျောင်းဆင်းများ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိမှုများနှင့်အတူ ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း၏ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သော အကြောင်းအရာ များအား Video Clip ဖြင့်ပြသ၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေဧည့်ခံကြသည်။
ထို့နောက်(၂)နိုင်ငံ ပညာရေးဝန်ကြီးများသည် သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.