ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အရည်အသွေးစံသတ်မှတ်ချက်ပြည့်မီရေး ဆွေးနွေးပွဲတက်ရောက်


Date : 20 February, 2020

6

Feb 20
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းသုံးပြဋ္ဌာန်း စာအုပ် အရည်အသွေး စံသတ်မှတ် ချက်ပြည့်မီရေး ဆွေးဆွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြား ရာတွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် အရည်အသွေး စံသတ်မှတ်ချက်ပြည့်မီရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် JICA (CREATE)မှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရေး အတွက် ပူးပေါင်းဆောင်ရွက် ပေးသော ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အရည်အသွေးရှိသော အမျိုးသားပညာရေး စနစ်ကိုဦးတည်၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော် ခဲ့ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်စေရန် မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ရပ်ကို ဖော်ထုတ်သတ်မှတ်ခဲ့ပါကြောင်း၊ မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ရပ်တွင် ပါဝင်သော အခြေခံပညာအခွင့်အလမ်း၊ အရည်အသွေးနှင့် အကျုံးဝင်မှု၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်း၊ ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းနှင့် စာမေးပွဲကျင်းပခြင်းတို့သည် အခြေခံပညာကဏ္ဍအတွက် အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပါကြောင်း၊ ဤပြုပြင် ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ ပညာရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်စေမည့် အဓိကအခန်းကဏ္ဍများဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးအကျုံးဝင်ပြီး ညီညွတ်မျှတ၍ အရည်အသွေးရှိသည့်ပညာ သင်ယူနိုင်ရေးနှင့် တစ်သက်တာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး ဟူသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (Sustainable Development Goal–4) ကို ပေါက်မြောက် အောင်မြင်ရန်အတွက် အထောက်အကူပြုမည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပါကြောင်း။
သင်ရိုးညွှန်းတမ်းအသစ်များကို နိုင်ငံတကာအဆင့်မီရန်ရည်ရွယ်ပြီး သုတေသနအခြေပြု၍ ရေးသားလျက်ရှိပြီး ရေးသားပြုစုရာတွင် မြန်မာ့ပညာရေးစနစ်၏ ရည်ရွယ်ချက်ဖြစ်သော ကျောင်းသားလူငယ်များကို ၂၁ ရာစုအတွက် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများဖြစ်သည့် နိုင်ငံသားကောင်းဖြစ်ခြင်း၊ လေးနက်စွာ စဥ်းစားတွေးခေါ်ခြင်းနှင့် ပြဿနာ ဖြေရှင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်းစသည်များ ဖွံ့ဖြိုးတိုးတက်ရရှိသွားရန်အတွက် အတန်းအလိုက်၊ ဘာသာရပ်အလိုက်၊ ကျောင်းသားများ၏ဖွံ့ဖြိုးမှုအလိုက် ရေးဆွဲပြုစုထားသလို ကျောင်းသားများ ကိုယ်တိုင်ထက်သန် တက်ကြွစွာ သင်ယူနိုင်သည့်လုပ်ငန်းများနှင့် ကျောင်းသား များသင်ယူနေစဉ်အတွင်း သင်ယူတိုးတက်မှုကို စစ်ဆေး အကဲဖြတ်သည့် နည်းများကို ထည့်သွင်း ပြုစုထားပါကြောင်း၊ ထိုသို့ အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်းအသစ်များ ရေးသားပြုစု ထားသကဲ့သို့ ကျောင်းများအရောက်၊ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေရာတွင် သတ်မှတ်ထားသော အရွယ်အစား၊ အထူအပါး၊ ဆေးရောင်၊ အလင်းအမှောင်စသည့် အရည်အသွေး စံသတ်မှတ်ချက် များနှင့် လမ်းညွှန်စာအုပ်များပြုစုသင်တန်းပေး၍ လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် JICA (CREATE) တို့ပူးပေါင်း၍ မူလတန်းအဆင့် သင်ရိုးသစ်ကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးသစ်များကို ADB နှင့် EU တို့ဖြင့်လည်းကောင်း ရေးဆွဲပြုစုလျက်ရှိပြီး အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီက အတည်ပြုထားသော သင်ရိုးညွှန်တမ်းသစ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတို့က ဦးဆာင်၍ (၁/၂၀၁၇)၏ စည်းမျဉ်းစည်ကမ်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ တင်ဒါအောင် ပုံနှိပ်တိုက်များသည် သတ်မှတ် လုပ်ငန်းစဉ်များအတိုင်း ခရိုင်ပညာရေးမှူးရုံး၏ ခရိုင်သိုလှောင်ရုံများသို့ ဖြန့်ဝေခဲ့ရာ ခရိုင်သိုလှောင်ရုံ တာဝန်ခံအဖွဲ့များမှ ပြဋ္ဌာန်းစာအုပ်များ၏ အရည်အသွေး စံသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဖြန့်ဖြူးရမည့် အရေအတွက်တို့အား ကျောင်းများသို့ အချိန်မီရောက်ရှိအသုံးပြုနိုင်ရေးအတွက် ပူးပေါင်းစီစဥ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အရည်အသွေးစံသတ်မှတ်ချက် ပြည့်မီရေး ဆွေးနွေးပွဲမှာ အရည်အသွေးစံ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးရမည့် နည်းပညာရပ်များကို ခရိုင်ပညာရေးမှူးရုံးများမှ အရည်အသွေး စိစစ်ရေးနှင့် လက်ခံရေးတာဝန်ရှိသူများက တက်ကြွစွာဆွေးနွေးပေးရန်နှင့် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် မေးမြန်းဆွေးနွေး ကြစေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိသွားသည့် နည်းပညာများကို မိမိတို့၏ ခရိုင်အတွင်းမှာ ရှိသည့် ကျောင်းသားလူငယ်များအတွက် အရည်အသွေးရှိသော စံသတ်မှတ်ချက်နှင့် ပြည့်မီသည့် ပြဋ္ဌာန်းစာအုပ်များကို အချိန်မီဖြန့်ဖြူးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့ေနာက် JICA (CREATE) Team မှ Project Coordinator Ms. Hikari Miyahara က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားသည်။
ယင်းနောက် ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပြုစုရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၁)ဦးက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပုံနှိပ်ခြင်းလုပ်ငန်း စဉ်နှင့်ပတ်သက်၍လည်းကောင်း၊ JICA (CREATE) Team မှ Mr. Fumhaka Sato က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပုံနှိပ်ထုတ်လုပ်ရေးနှင့် အရည်အသွေးစံသတ်မှတ်ချက်ပြည့်မီရေး အတွက် စိစစ်သည့်နည်းပညာများအားလည်းကောင်း၊ JICA (CREATE) Team မှ Ms. Hikari Miyahara က သင်ရိုးသစ်ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပြုစုခြင်းလုပ်ငန်းစဥ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အရည်အသွေး စံသတ်မှတ် ပြည့်မီရေးနှင့် စပ်လျဥ်း၍ ပြန်လည်ဆွေးနွေးမေးမြန်းကြသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ JICA (CREATE) Team မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ဖြန့်ချိရေး ကော်မတီမှ ကိုယ်စားလှယ်များ၊ ခရိုင်ပညာရေးမှူးရုံး များမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.