School Bus အစီး(၆၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ


Date : 21 February, 2020

8

Feb 21

နေပြည်တော် ဖေဖော်ဝါရီ ၂၁

School Bus အစီး(၆၀)ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာ စကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနနှင့် Korea International Cooperation Agency (KOICA) တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ KOICA သည် ၂၀၁၆ခုနှစ် ဇွန်လတွင် School Bus (၄၀)စီး ကို ပညာရေးဝန်ကြီးဌာနသို့ ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ပါကြောင်း၊ အဆိုပါ School Bus (၄၀)စီးကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ အခြေခံပညာ (၁၂)ကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် အသုံးပြုပြေးဆွဲလျက်ရှိပါကြောင်း။
၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်‌့ Improvement in Access to Education through Provision of School Buses in Myanmar စီမံကိန်း အရ (KOICA)မှ ဒုတိယအကြိမ်အဖြစ်လှူဒါန်းသည့် School Bus(၆၀)စီးကို နေပြည်တော် ကောင်စီနယ်မြေ ပျဥ်းမနား၊ လယ်ဝေး၊ ဥတ္တသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် တပ်ကုန်းမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊ School Busများ ပေးအပ်လှူဒါန်းခြင်းများအပါအဝင် လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ရန်အတွက် School Bus ယာဥ်မောင်းများနှင့် ၄င်းတို့ကို ကြီးကြပ်အုပ်ချုပ်သူများအား ယာဉ်မောင်းနှင် အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းပေးခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းအားလုံးအတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်အလိုက် ယာဥ်အန္တရာယ်ကင်းဝေးရေး လမ်းညွှန်စာအုပ်ပြုစုပြီး သင်တန်းပေးမှာဖြစ်ပါကြောင်း၊ KOICA မှ ယာဥ်မောျင်း (၁၀၀)ဦးနှင့် ၄င်းတို့ကို ကြီးကြပ်အုပ်ချုပ်သူများအား ယာဥ်မောင်းနှင် အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာသင်တန်း ပေးခြင်းကို ၂၀၂၀ပြည်‌့နှစ်နှင့် ၂၀၂၁ခုနှစ်တို့အတွင်း (၃)ကြိမ်ခွဲ၍ ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင်‌့ ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်းအတွက် စီမံကိန်းမြို့နယ်များမှ ဆရာဆရာမ(၁၆)ဦးအား နည်းပြသင်တန်းပေးပြီးနောက် ဆင့်ပွားသင်တန်းများ ပေးခြင်းနှင့် သင်တန်းကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုရန် စီမံကိန်းမြို့နယ်တစ်မြို့နယ်လျှင် Notebook နှင့် ပရိုဂျက်တာ(၁)လုံးစီ ထောက်ပံ့ပေးခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်းသင်ခန်းစာ Video Clipများကို အတွေ့အကြုံအခြေပြု၍ ပျော်ရွှင်စွာအုပ်စုဖွဲ့ လေ့လာသင်ယူ နိုင်ရန်အတွက် လွယ်ကူရိုးရှင်းစွာပြုစု ထားပါကြောင်း။
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအားလုံးအတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလိုက် ယာဥ်အန္တရာယ်ကင်းဝေးရေး လမ်းညွှန်စာအုပ်ပြုစုခြင်း လုပ်ငန်းစဥ်တွင် ကိုရီးယားကျွမ်းကျင်သူများက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောင်းတည်ရှိရာနေရာများတွင် Survey ဆောင်ရွက်ပြီး ယာဥ်မတော်တဆဖြစ်ပွားမှုများနှင့် ကာကွယ်တားဆီးနိုင်ခြေကို Engineering Approach, Education Approach နှင့် Regulation Approach များအရ လေ့လာဆန်းစစ်အကြံပြုခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သည့်အတွက် အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် အရည်အသွေးရှိသော အခြေခံပညာရေးကို သင်ယူခွင့်ရရှိနိုင်စေရန်များစွာ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပညာရေး ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းအစီအစဥ်(၇)ရပ် (Seven Priorities) တွင် ယာဥ်အန္တရာယ် ကင်းရေးလုပ်ငန်းစဥ်ပါဝင်သည့်အတွက် KOICA မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပညာပေး အစီအစဉ်များသည် အခြေခံပညာ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမ များအတွက် များစွာအကျိုးရှိသည့် အတွက်ကြောင့် ယခုစီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ယခုလို လှူဒါန်းပေး သည့်(KOICA)၊ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက် ပေးကြသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံသံရုံးမှ သံမတ်အကြီး နှင့်တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang Hwa က လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြသည်။
ထို့နောက် KOICA Myanmar Office မှ Chief Represntative Ms. Lee Youn Soo က အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းအား လှူဒါန်းမှုမှတ်တမ်းလွှာကို လွှဲပြောင်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ကျောင်းကားများပေါ်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စီးနင်းလိုက်ပါပုံများအား သရုပ်ပြသကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.