ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲ ကျင်းပ


Date : 23 February, 2020

17

Feb 23

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်များချမှတ် နိုင်ရေး၊ ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လက်တွေ့ကျွမ်းကျင်မှု (Soft Skill နှင့် Hard Skill) လိုအပ်ချက်များဖော်ထုတ်နိုင်ရေး၊ ဒေသမှတောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစား တစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ (Technical and Vocational Education and Training–TVET)ကို တာဝန်ယူ၍ ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်သူများ ရရှိရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း။

ယနေ့ခေတ်သည် နည်းပညာပိုမိုမြင့်မားလာသည်နှင့်အမျှ အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပါကြောင်း၊ အတတ်ပညာကျွမ်းကျင်မှု Skills ရရှိထားမှသာ ဝင်ငွေကောင်းသော အလုပ်အကိုင်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် အရည်အသွေးပြည့်ဝသော ဘွဲ့ရပညာတတ်များ မွေးထုတ်ပေး နိုင်ရေး ဦးတည်ကာ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၆-၂၀၂၁ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ပုံမှန်အင်ဂျင်နီယာသင်တန်းများ ပေးအပ်လျက် ရှိသကဲ့သို့ ချက်ချင်းအလုပ်အကိုင် ရရှိရေးအတွက် အထောက်အကူပြုစေမည့် ဒေသနှင့်ကိုက်ညီသော ကာလတိုသက်မွေးပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင်း သက်မွေးပညာ သင်တန်းကျောင်းများအဖြစ် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တွင် အောင်လက်မှတ်များ ပေးအပ်သည့် ပုံမှန်အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းများ ပေးအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် Motorbike Repair သင်တန်း၊ Dress Making သင်တန်း၊ အခြေခံ စက်ချုပ်သင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ အမျိုးသမီးဆံပင်ညှပ်အလှပြင်သင်တန်း၊ သံဂဟေနှင့် စတီးဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ် တန်းခြင်းသင်တန်း တို့ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘို ဝေမောင်က အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ပညာရေးကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲကို သတ်မှတ်ထားသည့် အခမ်း အနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံလူသား အရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ် များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကရင်ပြည် နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဘားအံတက္ကသိုလ်သို့ ရောက်ရှိပြီး ဘားအံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.