ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ


Date : 29 February, 2020

13

3r4ms3
ရန်ကုန် ဖေဖော်ဝါရီ ၂၉
ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ Famous Hotel ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးပါပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်ချမှတ်ထားပြီး ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန် ဒုတိယသမ္မတ(၁)ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသည့် public private partnership လုပ်ငန်းများအောင်မြင်စေရန် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ကြစေလိုကြောင်းနှင့် ယခုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP) ၂၀၁၆-၂၀၂၁ ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)၏ ရည်ရွယ် ချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့် ရေးကဏ္ဍ(TVET)တွင်လည်း ဒေသလိုအပ်ချက်နှင့် ကိုက်ညီပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ရှင်များ၏ Demand နှင့်ကိုက်ညီသော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချလေ့ကျင့်ရေးကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအား ရေရှည်အကျိုးပြုသည့် လုပ်ငန်းများ ပူးပေါင်းအ‌ကာင်အထည်‌ဖော် ဆောင်ရွက်နိုင်‌ရေးနှင့် အကြံ ဉာဏ်ကောင်းများ ရရှိနိုင်ရေး ပူးပေါင်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ယာယီဉက္ကဌ ဦးမြင့်သန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက အခြေခံလူသား အရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းယာယီ ဉက္ကဌ ဦးမြင့်သန်းက ဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်နေ သည့် သက်မွေးပညာဆိုင်ရာ သင်တန်းများ၊ အစိုးရမှဆောင်ရွက်ပေးနေသော နည်းပညာနှင့်သက်မွေး ပညာဆိုင်ရာ သင်တန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သည့် သင်တန်းများအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုး နိုင်မည့် အစီအစဉ်များဖော်ထုတ်နိုင်ရေး အဖွဲ့များ အလိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးရရှိသည့် ရလဒ်များအား အဖွဲ့အသီးသီးက တင်ပြခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က နှီးနှောဖလှယ်ပွဲမှ ရရှိလာသော ရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ် အစီအစဉ်များအား အနှစ်ချုပ်တင်ပြခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.