တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ


Date : 2 March, 2020

15

Feb 2
ရန်ကုန် မတ် ၂
တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ်စတင်ဆောင်ရွက် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ကျောင်းသား ကျောင်းသူလူငယ်များ စုဝေးရာဖြစ်သည့် တစ်နိုင်ငံလုံးရှိ ကျောင်းများ၊ တက္ကသိုလ် များနှင့် ပြည်သူလူထု၏ အနီးဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်၊ ဆေးလိပ်ကင်းစင်သော တက္ကသိုလ် ပတ်ဝန်းကျင် ဖြစ်လာစေရန်၊ အရက်ဘီယာအန္တရာယ်ကင်းဝေးစေရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ် ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများလိုက်နာ ကျင့်သုံးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန် အကျွံစွဲလမ်းမှုပပျောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး စနစ်တကျစီစဉ်ဆောင်ရွက်ရန် အချိန်ယူပြင်ဆင်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချက်အလက် အထောက်အထားနှင့် သုတေသနရလဒ်များအပေါ်အခြေခံပြီး လူငယ်များ၏အနာဂတ်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် တည့်မတ်စွာ လျှောက်လှမ်းနိုင်ရန် ပံ့ပိုးဖြည့်ဆည်းစီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လမ်းညွှန် ချက်(၇)ရပ်သည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လူငယ်များအနေဖြင့် အသိရှိရှိအသိတရားကောင်းမွန်စွာ ပူးပေါင်းဆောင် ရွက်ကြရန် အရေးကြီးပါကြောင်း၊ လူငယ်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိဘဲ ယခုလုပ်ငန်းများသည် အောင်မြင်မှုရှိမည် မဟုတ်ပါကြောင်း။
တက္ကသိုလ်ကျောင်းများသည် လူငယ်များစုဝေးရာ နေရာဖြစ်သည့်အတွက် Peer Education Program ကို တက္ကသိုလ်များတွင် ဆောင်ရွက်ခြင်းသည် ထိရောက်မည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ၏ ဆယ်ကျော်သက် လူငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အသိပညာများရရှိပြီး ကျန်းမာသော အလေ့အကျင့်များ ကိုယ်တိုင်ကျင့်သုံးကာ အခြားသူများကိုလည်း ဖြန့်ဝေ စည်းရုံး စုပေါင်းဆောင်ရွက်တတ်စေရန်နှင့် ကျန်းမာရေးနှင့် ပညာရေး၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအကြား ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ပါကြောင်း၊ Peer Education နှင့်ပတ်သက်၍ ဗဟုသုတများ၊ သင်ကြားပုံနည်းလမ်းများ စသည်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မိမိတို့သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများတွင် ပြန်လည်သင်ကြား ပို့ချသွားကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးသည့် ကျန်းမာရေးသင်တန်းပေးလေ့ကျင့်မှု Guide line များကိုလည်း အခြားကျန်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် လုံခြုံဘေးကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးကောင်းမွန်သည့် သင်ယူမှုဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးဆောင်ရွက်၍ ၂၁ ရာစု စွမ်းဆောင်ရည်နှင့် လိုက်လျောညီထွေသည့် ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့်ပြည့်စုံသော မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ကြရာတွင် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ လမ်းညွှန်မှာကြားထားချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ လက်တွဲပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ သုတေသနတွေ့ရှိချက်များအရ သက်ရွယ်ဆင့်တူ ပညာပေးခြင်းနည်းဗျူဟာသည် လုပ်ငန်းရည်ရွယ်ချက်ပြည့်မီရန်နှင့် လုပ်ငန်းများအောင်မြင်ရန်အတွက် ထိရောက်သည့်နည်းလမ်း တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျောင်းကျန်းမာရေး ဌာနခွဲနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြုစုထားရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ်မှ အဓိက အချက်များ၊ သက်ရွယ်ဆင့်တူပညာပေးမှု လက်စွဲစာအုပ်များနှင့် လုပ်ငန်းလမ်းညွှန်တို့ကို ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ရှုထောင့်မှ အလွန်ကောင်းမွန်ပြည့်စုံကြောင်းတွေ့ရှိရပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက် (၇) ရပ်ကို ရှင်းလင်းစွာရေးသားထားသည့် အချက် များသည် ပြည်သူလူထုများအတွက်လည်း အထူးအသုံးဝင်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာရှင်များ ထံပေးအပ်ထားသော Mobile Tablet များတွင် ချက်ချင်း ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခြားသူများမှ ပညာပေးနှိုးဆော်မှုများ ပြုလုပ်သည်ထက် ၎င်းတို့နှင့် သက်တူ၊ ရွယ်တူ၊ အတန်းတူသူများမှ အချင်းချင်း အသိပညာပေးမှုများ ပြုလုပ်ခြင်းသည် ပိုမိုထိရောက်ပြီးရရှိသည့် အသိပညာသည်လည်း ရေရှည်တည့်တံ့ ခိုင်မြဲစေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ၎င်းတို့အနေဖြင့် မည်သို့ပါဝင်ပံ့ပိုးဆောင်ရွက်မည်ကိုလည်းဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း။
တက္ကသိုလ်၊ ကောလိပ်များတွင် ဤစီမံချက်ကို ပြုလုပ်နေသည်နှင့် တစ်ပြိုင်နက် အခြေခံပညာ ကျောင်းများတွင် တက်ရောက်နေသော (၉.၇) သန်းရှိသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ဆောင်ရွက်စေလိုပါကြောင်း၊ ဤစီမံချက်ကို နိုင်ငံတော် စီမံချက်အနေဖြင့် ဆောင်ရွက်စေခြင်းအားဖြင့် အနာဂတ်တွင် လူကြီးဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်အားဖြင့် ပြည့်ဝခြင်း အစရှိသည့် အကျိုးဆက်များကို ရရှိမည်ဖြစ်သဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှု၌ များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတ (knowledge) ရရှိရုံဖြင့် မပြီးမြောက်ဘဲ ၎င်းအသိပညာဗဟုသုတအား လက်တွေ့အသုံးချလာစေရေး အတွက်ကိုလည်း အစီအမံနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။
ထိုသို့ အသိပညာများအား လက်တွေ့အသုံးချနိုင်မှု အခြေအနေအရပ်ရပ်ကိုလည်း ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသုံးချသုတေသန (implementation research) များကို မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန် ဘဏ္ဍာငွေများလည်း ရှိပါကြောင်း၊ ယခုသက်ရွယ်ဆင့်တူပညာပေး အစီအစဉ်များဆောင်ရွက်မှုများကိုလည်း မြို့နယ်အလိုက်၊ ကျောင်းအလိုက် ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ လိုအပ်လျှင် လိုအပ်သလို နည်းဗျူဟာများအား ပိုမို ကောင်းမွန်စေရေးအတွက် မွမ်းမံပြင်ဆင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များနှင့်အညီ ကိုက်ညီကျင့်သုံးပါက နိုင်ငံတော်၏ အနာဂတ်အတွက် စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင်သည့် ပညာရှင်များ ဖြစ်လာမည်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ကိုယ်ခန္ဓာတစ်ခုလုံးထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ထုံထိုင်းခြင်း၊ စိတ် ရောဂါများဖြစ်ပွားခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ ထိခိုက်ပျက်စီးခြင်းတို့ကို ခံစားရမည်ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး ကင်းစင်ရေးကိစ္စကို ဦးစားပေးအစီအစဉ် (၁) အဖြစ် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်တို့ကိုသုံးစွဲမှုကြောင့် ရေတိုကျန်းမာရေးထိခိုက်မှု သာမက ကင်ဆာရောဂါအပါအဝင် နာတာရှည်ရောဂါများကို ဖြစ်ပွားစေသည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိသားစုများအတွက်ပါ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာသဖြင့် မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ကိုယ်လက်အင်္ဂါများဆုံးရှုံးခြင်း၊ အသက်သေဆုံးခြင်းများ ဖြစ်ပွားနိုင် ပါကြောင်း၊ ယာဉ်မတော် တဆဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို ကုသမှုပေးရန် ဆေးပညာရပ် အမျိုးမျိုးမှ ခန္ဓာကိုယ်အပိုင်းလိုက် အထူးကုသသည့် ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများ၊ ခွဲစိတ်ခန်းဝန်ထမ်းများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဝန်ထမ်းများနှင့် ဘက်စုံသောကျန်းမာရေး ဝန်ထမ်းများစွာက ဝိုင်းဝန်း၍ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အခြားသော လူနာများအား ကုသမှုပေးချိန်များကိုလည်း ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူအား ပေးအပ်လိုက်ရသည်ဖြစ်ပါ ကြောင်း။
ယာဉ်မတော်တဆဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ခွဲစိတ်ကုသမှုပေးရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများမှ နာရီအနည်းငယ်မှ နာရီပေါင်းများစွာ လုပ်ဆောင်ရသည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆေးနှင့် ဆေးပစ္စည်းများစွာကိုလည်း သုံးစွဲကုသမှုပေးရခြင်းဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်လာပါက မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများတွင် အလုပ်တာဝန်ပိမှုလျော့ပါးလာခြင်း၊ အခြားလူနာများအတွက် ကုသချိန်ပိုမို ပေးအပ်နိုင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်ကျမှုများ လျော့နည်းလာ ခြင်းတို့ကို ရရှိမည်ဖြစ်ပါ ကြောင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်ရေးအပါအဝင် ဘဝတစ်သက်တာ အတွက်လိုအပ်မည့် မျိုးဆက်ပွားကျန်းမာရေး အသိပညာ ဗဟုသုတများသည် အရေးကြီးပါ ကြောင်း၊ ဂိမ်းအလွန်အကျွံစွဲလမ်းမှုများကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှလည်း ဂိမ်းအလွန်အကျွံ စွဲလမ်းမှုများကို ကျန်းမာရေးပြဿနာတစ်ရပ် (gaming disorder) အဖြစ် International classification of diseases and health problems – 11 (ICD – 11) ၌ ထည့်သွင်းသတ်မှတ်ခဲ့ပါကြောင်း။
ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများဖြင့် နေထိုင်စားသောက်ခြင်းဖြင့် ကိုယ်၊ စိတ်ကျန်းမာကာ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်လည်း တိုးတက်ကောင်းမွန်မည်ဖြစ်ပြီး ပညာရည်မြင့်မားသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများတွင် အသိပညာ ဗဟုသုတကြွယ်ဝခြင်းဖြင့် ၎င်းတို့မှ တစ်ဆင့် ၎င်းတို့၏ မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ပတ်ဝန်းကျင်သို့ အသိပညာဗဟုသုတများ ဖြန့်ဝေပေးနိုင် မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ် (သို့မဟုတ်) အခြေခံပညာကျောင်းတစ်ခုမှ ကောင်းမွန်သည့် ဆောင်ရွက်ချက်များကို အခြား တက္ကသိုလ်နှင့် ကျောင်းများထံ မျှဝေသွားနိုင်ရန်အတွက် ဗဟိုအဖွဲ့တစ်ခုကို ဖွဲ့စည်းထားရမည်ဖြစ်ပါကြောင်း။
ထိုသို့ ကောင်းမွန်သည့် လုပ်ဆောင်ချက်ကို အခြားတက္ကသိုလ်နှင့်ကျောင်းများမှလည်း သက်ဆိုင်ရာ တက္ကသိုလ် (သို့မဟုတ်) ကျောင်း၏ အခြေအနေအရပ်ရပ်နှင့်ကိုက်ညီစွာဖြင့် အတုယူလုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းပါဝင် ဆောင်ရွက်သူများအကြားတွင် ကွန်ရက်ချိတ်ဆက်မှုကောင်းစွာဖြင့် စုစည်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိရေးဆွဲထားသော မဟာဗျူဟာသည်လည်း ပုံသေမဟုတ်ဘဲ ပိုမိုကောင်းမွန် အောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့်ကိုက်ညီစွာဖြင့် လိုအပ်သလို မွမ်းမံဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါဝင်သည့် လုပ်ငန်းစဉ်များသည် လက်တွေ့မြေပြင် အခြေအနေတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များသာ ဖြစ်စေရေးမှာ အထူးအရေးကြီးပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများက ပံ့ပိုးဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သက်ရွယ်ဆင့်တူပညာပေး အစီအစဉ်လုပ်ငန်းများ အပါအဝင် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို အားလုံးစုစည်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့တက် ရောက်လာကြသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင် ပပျောက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆရာဝန်အသင်း နည်းပညာအကြံပေး(လူငယ်စီမံချက်) ဒေါက်တာ နေဝင်းက Moderator အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ နီလာကြူ၊ မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့်သုတေသန စီမံချက်မန်နေဂျာ ဒေါက်တာနန္ဒမျိုးအောင်ဝမ်း၊ စိတ်ကျန်းမာရေး ပါမောက္ခ ဒေါက်တာဆန်းလင်း၊ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန တွဲဖက် ပါမောက္ခ ဒေါက်တာရဲထွန်း၊ ရန်ကုန်ဆေးတက္ကသိုလ်(၁) အလုပ်သင်ဆရာဝန် ဒေါက်တာရာသူ(လ်)ပရာဆတ်နှင့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်း တွဲဖက်အတွင်းရေးမှူး ကိုနိုင်မင်းခန့်တို့က Panelists များအဖြစ် လည်းကောင်း Panel Discussion ကိုဆောင်ရွက်ခဲ့ပြီး သိရှိလိုသည့်မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.