အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကျင်းပ


Date : 5 March, 2020

2

March 5

ရန်ကုန် မတ် ၅
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေး ကို ၅၊၃၊၂၀၂၀ ရက်နေ့ ညနေ ၄နာရီခွဲတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Grade-4, Grade-7, Grade-10 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များ သင်ကြားသင်ယူမှု နည်းလမ်းနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနည်း သင်တန်းများအတွက် လိုအပ်သည်များကို ပြီးစီးအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန် စာအုပ်များကို ကျောင်းဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာ ဒေသအသီးသီးသို့ ရောက်ရှိရန် အရေးကြီးပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အသုံးပြုမည့် Grade-5, Grade-8, Grade-11 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာလမ်းညွှန် စာအုပ်များ အချိန်မီပြီးစီးရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ဘာသာရပ်ကော်မတီ ဥက္ကဌများဖြစ်သည့် တက္ကသိုလ်များမှ ပါမောက္ခကြီးများက တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲများဆိုင်ရာ မေးခွန်းများနှင့် ပတ်သက်၍ မေးခွန်းများ မှန်ကန်မှုရှိရေးနှင့် လုံခြုံရေးအထူးဂရုပြုရန်၊ အဖြေလွှာများလုံခြုံရေးနှင့် အမှတ်ပေးစည်းမျဉ်းနှင့်အညီ တိတိကျကျစစ်ဆေး ဆောင်ရွက်နိုင်ရန်၊ အောင်စာရင်းများ ပြုစုရာတွင် မှန်ကန်မှုရှိရေး အဆင့့်ဆင့်ကြီးကြပ်ပြီး အထူးဂရုပြုစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများစစ်ဆေးခြင်းကို သတ်မှတ်ရက်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် တက္ကသိုလ် ဆရာ ဆရာမများ၊ အထက်တန်းပြ ဆရာဆရာမများ အင်အားလုံလောက်စွာရရှိရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ရိုးသစ်များအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှ သက်ဆိုင်ရာဆရာဆရာမများအား သင်တန်းများ ပေးရန်လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ရန်၊ ဆင့်ပွားသင်တန်းများကိုအချိန်ပြည့် မှတ်တမ်းဗီဒီယိုရိုက်ကူးရန်နှင့် လုပ်ငန်းအဆင့်ဆင့်အတွက် အစီအစဉ်များချမှတ်ထားရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများက လိုအပ်ချက်၊ အခက်အခဲများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီတို့မှ ဦးစီး၍ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ဘာသာရပ်အလိုက် သင်ရိုးညွှန်းတန်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.