ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်


Date : 23 March, 2020

DSC08641

March 23
နေပြည်တော်၊ မတ်လ ၂၃ ရက်
ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၂) နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ယနေ့ ကျင်းပသော ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂက ပညာရေးဝန်ကြီးဌာနသို့ အထောက်အပံ့အဖြစ် ယူရို ၃၂ သန်း (မြန်မာကျပ် ၅၁ ဘီလီယံ) ပေးအပ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ပညာရေးသည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ညီမျှမှု၊ ဒီမိုကရေစီနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်တို့ကိုမြှင့်တင်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ရပ်တည်လျက် ရှိပါကြောင်း၊
ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး တန်းတူမျှတသော ပညာသင်ယူခွင့်ရရှိရေးကို အရေးပါသော ဦးစားပေးအစီအစဉ် တစ်ရပ်အဖြစ် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း အခမဲ့ အခြေခံပညာရေး အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာသင်ယူရန်အခက် အခဲရှိသော ကလေးငယ်များအတွက် လူတိုင်းအကျုံးဝင်ပညာရေး ကို မြှင့်တင်လျက်ရှိပါကြောင်း၊
ကျောင်းပြင်ပပညာရေးနှင့် သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်များကိုလည်း တစ်နှစ်ပတ်လုံး အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်းမြှင့်တင်ရေး အတွက် ဒေသခံတိုင်းရင်းသားဆရာနှင့် ဘာသာစကားသင် ဆရာ ၃၁၇၄၂ ဦးခန့်ထားပြီး ကျောင်းသားဦးရေ ၈၄၈၄၈၀ ဦးအား ကျောင်းပေါင်း ၁၄၀ဝ၈ ကျောင်းတွင် တိုင်းရင်းသား ဘာသာစကား ၆၃ မျိုးကို သင်ကြားကာ အားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကို ပထမတန်းစား ပညာရေးဖြစ်အောင် မြှင့်တင်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြု ကာလတို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်အားပေးလျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ဘေးရှောင်စခန်းများတွင် လည်း သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အတူတကွ သင်ယူမှုအစီအစဉ်ဖြင့် အခြေခံပညာဆည်းပူး သင်ယူမှုကို အားပေးလျက်ရှိပါကြောင်း၊ လုပ်အားပေး ဆရာများအား လစာငွေနှင့် ကြိုပို့ကားများထောက်ပံ့ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့်ပူးပေါင်းလျက် စာသင်ဆောင်များ ဆောက်လုပ်သင်ကြားလျက် ရှှိိပါကြောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျောင်းနေအရွယ် ကလေးများအတွက် အခြေခံပညာ သင်ယူရေးအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်နှင့် ဘဝ တွက်တာကျွမ်းကျင်စရာဘာသာရပ်ကဲ့သို့သော တွဲဖက်သင်ရိုး ဘာသာရပ်များတွင် ငြိမ်းချမ်းရေး ဆိုင်ရာပညာရေးကို ဆီလျော်အောင် ထည့်သွင်းသင်ကြားပေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးလျက် တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မြှင့်တင်ရေးနှင့် တက္ကသိုလ်များတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့သင်တန်း အသစ်များ ဖွင့်လှစ်သင်ကြားနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လွတ်လပ်သော စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်များ ဖြစ်လာစေရေးကိုလည်း ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မဟာဌာနကြီး များစနစ်ဖြင့် တက္ကသိုလ်ဖွဲ့စည်းပုံ အသစ်များကိုလည်း ရေးဆွဲထားပါကြောင်း၊ နည်းပညာ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး၊ တိုင်းရင်းသားဘာသာစကား၊ စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဥရောပသမဂ္ဂအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော ပညာသင်ယူမှု အခွင့်အလမ်း တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများကို အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ စုပေါင်းဆွေးနွေး ညှိနှိုင်းကြပြီး ဆွေးနွေးအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.