ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကိုဗစ်-၁၉ ကာလ ပညာရေးဆိုင်ရာ Global Partnership for Education (GPE) ဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်


Date : 8 May, 2020

pho 1

pho 1

နေပြည်တော်  မေ ၈

ကိုဗစ်-၁၉ ကာလ ကမ္ဘာအဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသော ပညာသင်ယူမှု အခက်အခဲများ လျော့နည်းစေရေးအတွက် Global Partnership for Education (GPE) ဝန်ကြီးများအဆင့် ပညာရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ကျင်းပရာ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။

စဉ်ဆက်မပြတ်သင်ကြားသင်ယူမှုအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို GPE အဖွဲ့ဝင် ဝန်ကြီးများက ဆွေးနွေးကြရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကို GPE  အဖွဲ့ဝင်နိုင်ငံ အဖြစ် ၂၀၁၈ ခုနှစ်တွင် လက်ခံခဲ့ခြင်းနှင့် အမေရိကန်ဒေါ်လာ ၇၃ သန်းကို GPE အထောက်အပံ့ အဖြစ် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး ပေးအပ်ခဲ့ခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်ပါကြောင်း၊ နွေရာသီတွင် ဆရာ၊ ဆရာမ အရည်အသွေးမြှင့် သင်တန်းများကို ဆောင်ရွက်ပါကြောင်း၊ သူငယ်တန်း + ၁၂ တန်း အခြေခံပညာစနစ်သစ်ကို ဖော်ဆောင်လျက် ရှိရာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်း သင်ရိုးညွှန်းတမ်း အသစ်များအတွက် သင်ကြားသင်ယူမှု နည်းစနစ် သင်တန်းများနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာအသုံးချမှု သင်တန်းများကို ယခုနွေရာသီ တွင် ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အခက်အခဲကြုံ တွေ့ရပါကြောင်း။

ထို့ကြောင့် မြန်မာဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform – MDEP) ကို တည်ဆောက်လျက်ရှိရာ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတော်အသိ အမှတ်ပြု ကျောင်းများမှ ဆရာ ဆရာမများ အားလုံးအပြင် တိုင်းရင်းသား သင်ကြားရေးအထောက် အကူပြုဆရာများ၊ လုပ်အားပေးဆရာများ၊ IDP စခန်းများမှ ဆရာများအတွက် အထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်း၊ MDEP အစီအစဉ်ဖြင့် e-Learning အခွင့်အလမ်းများကိုလည်း ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ဝေးလံဒေသ များအတွက် DBE Boxes များအပြင် စမ်းသပ်ထုတ်လွှင့် လျက်ရှိသော ပညာရေး ရုပ်မြင်သံကြား လိုင်းများလည်း စီစဉ်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်း ဆိုင်ရာများ ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိပါကြောင်း။

MDEP ၏ ကာလတိုစီမံ ကိန်းမှာ လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်ဆရာများ အတွက် သင်တန်းများ၊ သင်ရိုးသစ် ဘာသာရပ်များအတွက် သင်ကြားသင်ယူမှု နည်းစနစ် သင်တန်းများနှင့် စိတ်ပါဝင်စားသူ မိဘ၊ ဆရာများအတွက် အွန်လိုင်းစာကြည့်တိုက်များ ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ MDEP ၏ ကာလရှည်စီမံကိန်းရည်ရွယ်ချက်အဖြစ် ဆရာတပည့် တွေ့ဆုံသင်ယူမှု အပြင် ဘဝတစ်သက်တာသင်ယူမှုအခွင့်အလမ်းများအဖြစ် Online, Offline e-Learning ကို အထောက် အကူ ပြုရန်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု နည်းပါးသောဒေသများအတွက် အခက်အခဲ ရှိသော ကျောင်းများကို ပညာသင် စရိတ်ပိုမို ထောက်ပံ့ပေးသွားရန် ကမ္ဘာဘဏ်နှင့် GPE တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျားမအချိုးမှာ ညီမျှမှုနီးပါးရှိပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာအပြင် မူးယစ်ဆေးဝါး၊ အရက်နှင့် စီးကရက် အန္တရာယ်တားဆီးရေး တို့နှင့်ပတ်သက်သော အသိပညာပေးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ကျန်းမာ သောနေထိုင်မှုပုံစံ၊ မျိုးဆက်ပွား ပညာရေး၊ ဂိမ်းစွဲလမ်းမှု ပပျောက်ရေးစသော ဦးစားပေး (၇) ရပ်ကို ကျောင်းသား လူငယ်အချင်းချင်း အသိပညာဖလှယ်ခြင်းနှင့် စာသင်ခန်းတွင်း ရှင်းလင်းဆွေးနွေး ခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် အမျိုးသမီးပညာရေးကိုလည်း တစ်ဖက် တစ်လမ်းမှ အားပေးမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအချိန်သည် ကျောင်းသား၊ ဆရာ၊ မိဘများအတွက် အလေးပေး ထောက်ပံ့မည့် အစီအစဉ်များဖြင့် COVID-19 ကပ်ရောဂါ၏ ပညာရေးအပေါ် သက်ရောက်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အစီအစဉ်အတိုင်း ကျားမအချိုးညီမျှရေးနှင့် မိန်းကလေးများထိခိုက်မှု လျှော့ချနိုင် ရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကာလ ပညာရေးဆိုင်ရာထိခိုက်မှု ကျော်လွှား နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.